News

POST TYPE

POLITICAL

ဘင်္ဂလားဒေ့ရှ်ရောက် ဟိန္ဒူဘာသာဝင် ၅၀ဝ ပြန်ခေါ်ရန် စီစဉ်
06-Nov-2017

ရန်ကုန်၊ နိုဝင်ဘာ ၅

ရခိုင်ပြည်နယ် အကြမ်းဖက်မှု ဖြစ်စဉ်တွင် လုံးဝ မပါဝင်ခဲ့သည့် ဘင်္ဂလားဒေ့ရှ်နိုင်ငံရောက် ဟိန္ဒူဘာသာဝင် ၅၀ဝ ကို ပြန်လည် ခေါ်ယူရန်စီစဉ်နေကြောင်း အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင်(လ.ဝ.က)က ပြောကြားသည်။

“လောလောဆယ် ဟိန္ဒူတွေက သတ်ဖြတ်ခြင်းခံရပြီး ထွက်ပြေးသွားတဲ့သူတွေ ဖြစ်နေတယ်။ အကြမ်းဖက်တဲ့ ဖြစ်စဉ်မှာ ပါဝင်ပတ်သက်တာ တစ်ယောက်မှ မပါဘူး။ သူတို့ကို ပြန်ခေါ်ဖို့က မြန်သွားတယ်”ဟု ၎င်းကဆိုသည်။

မောင်တောဒေသတွင် ဟိန္ဒူဘာသာဝင် လေးထောင်ခန့်ရှိသည့်အနက် ရခိုင်ပြည်နယ် အကြမ်းဖက်မှုဖြစ်စဉ်အပြီး ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ထွက်ပြေးတိမ်းရှောင်သူ ၅၀ဝ ခန့်ရှိကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေး တိမ်းရှောင်သွားသူများကို ပြန်လည်ခေါ်ယူရန် ၁၉၉၃ ခုနှစ် လ.ဝ.က ဥပဒေနှင့်အညီ ပြန်လည် လက်ခံမည်ဖြစ်ပြီး ပြန်လည် နေထိုင်ခွင့်ဖောင်များကို  ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဌာနသို့ အောက်တိုဘာလ ၂၉ ရက်က ပေးပို့ထားကြောင်း ၎င်းက ပြောကြားသည်။

ဩဂုတ်လ ၂၅ ရက် အကြမ်းဖက်မှု ဖြစ်စဉ်တွင် ဟိန္ဒူဘာသာဝင် ၅၂ ဦး သတ်ဖြတ်ခံခဲ့ရပြီး လူ ၁၉၀ ခန့်က ပျောက်ဆုံးနေကြောင်း ပြန်ကြားရေးဝန်ကြီးဌာနက ထုတ်ပြန် ကြေညာထားသည်။ 

ဟိန္ဒူဘာသာဝင် ၅၀ဝ သည် မြန်မာနိုင်ငံက ထွက်ခွာသွားသူများဖြစ်ပြီး ဘာသာရေး ခေါင်းဆောင်များရှိကြောင်း၊ နယ်စပ်ရွာများဖြစ်၍ အိမ်ထောင်စု စာရင်းများ ရှိကြောင်း၊တိုက်ဆိုင် စစ်ဆေး၍လက်ခံမည်ဖြစ်ကြောင်း အလုပ်သမား၊ လူဝင်မှု ကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးမြင့်ကြိုင် (လ.ဝ.က) က ပြောကြားသည်။

ထို့အပြင် အကြမ်းဖက်မှု ဖြစ်ပွားပြီးနောက် ဘူးသီးတောင်၊ မောင်တောရှိ ရခိုင်၊ မြို၊ ဒိုင်းနက်၊ ခမီလူမျိုးများနှင့် ဟိန္ဒူဘာသာဝင်များ စစ်တွေနှင့်မောင်တောမြို့ပေါ်သို့ ထွက်ပြေး တိမ်းရှောင်ခဲ့ကြရသည်။

J-18

  • VIA