News

POST TYPE

POLITICAL

UNFC နှင့် ငြိမ်းချမ်းရေးကော်မရှင် တွေ့ဆုံမည်
ရန်ကုန်၊ နိုဝင်ဘာ ၎

အစိုးရ ငြိမ်းချမ်းရေး ကော်မရှင်နှင့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC)တို့ လာမည့် နိုဝင်ဘာ ၈ ရက်တွင် တွေ့ဆုံသွားမည်ဖြစ်ကြောင်း ယင်းအဖွဲ့များထံမှ သိရသည်။

UNFC သည် NCA မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်များဖြင့် ဖွဲ့စည်းထားပြီး နိုဝင်ဘာ ၈ ရက်တွင် တွေ့ဆုံမည့် ယင်းဆွေးနွေးပွဲတွင် လက်မှတ် ထိုး မထိုးကို ဆုံးဖြတ်ချက် ချသွားနိုင်ဖွယ်ရှိကြောင်း ယင်းအဖွဲ့က ထုတ်ပြောထားသည်။

ငြိမ်းချမ်ရေး ကော်မရှင်နှင့် UNFC တို့သည် ပြီးခဲ့သည့် အောက်တိုဘာလ ၂၄ ရက်က နောက်ဆုံး တွေ့ဆုံခဲ့ခြင်းဖြစ်ပြီး NCA လက်မှတ်ထိုးရန် တောင်းဆိုထားသည့် အချက်များ သဘောတူညီမှု ရရှိနေပြီဖြစ်ကြောင်း နှစ်ဖက်လုံးက ထုတ်ဖော်ပြောကြားထားသည်။

တောင်းဆိုထားသည့် အချက်ရှစ်ချက်အနက် တပ်နေရာချထားရေး ကိစ္စနှင့်ပတ်သတ်၍ ညှိနှိုင်းရန် လိုအပ်နေပြီး လာမည့်ဆွေးနွေးပွဲတွင် အပြီးသတ် ဆွေးနွေးသွားနိုင်ဖွယ်ရှိကြောင်း UNFC ပြောရေးဆိုခွင့်ရှိသူ နိုင်အောင်မငေးက ပြောကြားသည်။

“တပ်ပိုင်းဆိုင်ရာက နည်းနည်း ဆွေးနွေးဖို့ ကျန်နေသေးတယ်။ ကျန်တာတွေကတော့ နှစ်ဖက် အလျော့အတင်း လုပ်ပြီး သဘောတူသလောက်ရှိပါပြီ”ဟု ၎င်းကဆိုသည်။

UNFC အဖွဲ့သည် NCA လက်မှတ်ထိုးရေးအတွက် အစိုးရထံ အဆိုပြုချက် ရှစ်ချက်ကို ထုတ်ပြန်ထားရာ ယင်းအဆိုပြုချက်များကို ညှိနှိုင်းမှုများ ပြုလုပ်နေသည်မှာ တစ်ဆယ့်ငါးလခန့် ကြာမြင့်နေပြီဖြစ်သည်။

မူလက UNFC အဖွဲ့အတွင်း တိုင်းရင်းသား လက်နက်ကိုင် အင်အားကြီးအဖွဲ့ အများအပြား ရှိသော်လည်း သဘောထား ကွဲလွဲမှုအချို့ ဖြစ်ပေါ်ခဲ့ပြီးနောက် UNFC ကို ဦးဆောင်နေသည့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ကဲ့သို့သော အဖွဲ့များက နုတ်ထွက်သွားခဲ့သည်။

ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) တွင် မွန်ပြည်သစ်ပါတီ (NMSP)၊ ရခိုင်အမျိုးသား ကောင်စီ (ANC)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ လားဟူ ဒီမိုကရက်ကရက်တစ် အစည်းအရုံး (LDU)၊ စသည့် NCA လက်မှတ် မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များ ကိုယ်စားပြု ပါဝင်နေသည်။

J-08