News

POST TYPE

POLITICAL

NCA မထိုးရသေးသည့် လက်နက်ကိုင်အဖွဲ့များ လက်မှတ်ထိုးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း

နေပြည်တော်၊ သြဂုတ် ၃၁


တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA တွင် လက်မှတ်မထိုးရသေးသော တိုင်းရင်းသား လက်နက်ကိုင်များ ဝင်ရောက်လက်မှတ်ရေးထိုးရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ၂၁ရာစု ပင်လုံညီလာခံ အဖွင့်မိန့်ခွန်းတွင် တိုက်တွန်းပြောကြားသည်။


တိုင်းရင်းသား လက်နက်များ၏ ဘုံသဘောတူညီမှု ဖြစ်သည့် NCA ၏ ထီးရိပ်အောက်တွင် အားလုံး ဝင်ရောက်ခိုလှုံစေလိုကြောင်း အနာဂတ်တွင် ကျင်းပမည့် နိုင်ငံရေး ဆွေးနွေးပွဲများကို NCA စာချုပ်အပေါ် မူတည်၍ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၎င်းက ဆိုသည်။


လက်ရှိတွင်လည်း NCA လက်မှတ်မထိုးထားရသေးသော တိုင်းရင်းသား လက်နက်ကိုင်များ လက်မှတ်ထိုးနိုင်ရေးအတွက် အစိုးရမှ ညှိနှိုင်းဆောင်ရွက်လျက်ရှိနေကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။လက်ရှိတွင် NCA စာချုပ်တွင် တိုင်းရင်းသား လက်နက်ကိုင် ရှစ်ဖွဲ့ ပါဝင် လက်မှတ်ရေးထိုးထားသည်။


ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ -(၂၁)ရာစု ပင်လုံညီလာခံကို နေပြည်တော်ရှိ MICC တွင် ယနေ့( ဩဂုတ်လ ၃၁ရက်) မှ စတင်၍ ကျင်းပနေခြင်းဖြစ်သည်။ ညီလာခံသို့ ပြည်ထောင်စု အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသား လက်နက်ကိုင်များ၊ နိုင်ငံရေး ပါတီများနှင့် အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်များ တက်ရောက်လျက်ရှိသည်။


ဓာတ်ပုံ - မြင့်မိုးညို