News

POST TYPE

POLITICAL

ဒေါ်အောင်ဆန်းစုကြည် ရခိုင်ပြည်မြောက်ပိုင်း ပဋိပက္ခဒေသသို့ ပထမဆုံး သွားရောက်
03-Nov-2017

ရန်ကုန်၊ နိုဝင်ဘာ ၂

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရခိုင်ဖွံ့ဖြိုးရေးဆိုင်ရာအဖွဲ့ (UEHRD)အဖွဲ့သည် ရခိုင်ပြည်နယ်မြောက်ပိုင်း ပဋိပက္ခဒေသသို့ နိုဝင်ဘာလ ၂ ရက်က နေ့ချင်းပြန်သွားရောက်ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။

နေချင်းပြန်ခရီးစဉ်ဖြစ်သော အဆိုပါ ခရီးစဉ်တွင် စစ်တွေနှင့် မောင်တောမြို့များသို့ သွားရောက်ခဲ့ပြီး ယင်းခရီးစဉ်သည် ဩဂုတ်လတွင်း ဖြစ်ပွားခဲ့သော ရခိုင်ပဋိပက္ခ အပြီး ယင်းဒေသသို့ ပထမဆုံး သွားရောက်သည့် ခရီးစဉ်လည်းဖြစ်သည်။

ယင်းခရီးစဉ်တွင် ဒေါ်အောင်ဆန်း စုကြည်နှင့်အတူ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထား ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၊ ပြည်နယ် ဝန်ကြီးချုပ်နှင့် အစိုးရအဖွဲ့ဝင်များ လိုက်ပါခဲ့ကြသည်။

“စစ်တွေလေဆိပ်ကို မနက် ၈ နာရီ ရောက်တယ်။ လူငယ်အဖွဲ့နဲ့ နာရီဝက်လောက် တွေ့တယ်။ ဒီကနေ ရဟတ်ယာဉ်နဲ့ မောင်တောကို သွားတယ်။ ဒီကို ၉ နာရီခွဲ လောက် ရောက်တယ်”ဟု မောင်တောမြို့ နယ် အမှတ်(၁) မဲဆန္ဒနယ်မှ လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းလှစိန်က ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မောင်တောမြို့ရှိ ပန်းတော်ပြင် ဘင်္ဂါလီကျေးရွာသို့ သွားရောက်ကာ ဘာသာရေး ခေါင်းဆောင်များ၊ ဒေသခံများနှင့် တွေ့ဆုံခဲ့ပြီး ထိုမှတစ်ဆင့်  ဒုက္ခသည်များကို ပြန်လည် လက်ခံမည့်စခန်းရှိရာ တောင်ပြို လက်ဝဲမြို့သို့ သွားရောက် လေ့လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်၏ပန်းတော် ပြင်ကျေးရွာသားများနှင့် တွေ့ဆုံချိန်တွင် အောက်ပါအတိုင်း ပြောကြားခဲ့ကြောင်းကို လူမှုကွန်ရက်တွင် ဖော်ပြထားချက်အရ သိရသည်။

- ကျွန်မ ပန်းတော်ပြင်ရွာကို ရောက်လာတာဟာ ရွာကိုပြန်ပြီး ဆောက်လုပ်ရေး လုပ်တဲ့အခါ ဘယ်လို အခြေအနေရှိလည်း သိချင်လို့ပါ။

- ဒီရွာကို ဆောက်တဲ့နေရာမှာ ဘယ်လိုပုံစံနဲ့ လုပ်မယ်ဆိုတာ အများသိအောင် ချပြနိုင်ဖို့ဖြစ်ပါတယ်။

- ပွင့်ပွင့်လင်းလင်း ဆွေးနွေးပါ၊

- လိုအပ်ချက်တွေကို ပြောပါ၊

- အခုပြန်လည်မဆောက်ခင် ပွင့်ပွင့်လင်းလင်း ပြောထားမှ ကျွန်မတို့ ပြင်သင့်တာတွေကိုပြင်လို့ ရမှာပါ။

ယင်းစကားတို့သည် ဒေါ်အောင်ဆန်းစုကြည် ပြောကြားသွားသော စကားများ ဖြစ်သည်။

အဆိုပါ ခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့် အစိုးရအဖွဲ့ဝင်များ သာမက အမေရိကန် ပြည်ထောင်စုက ယခင် စီပွားရေး ဒဏ်ခတ်ပိတ်ဆို့ အရေးယူခဲ့ဖူးသူ ထိပ်သီး စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော် လိုက်ပါလာသည်ကို တွေ့ရသည်။

ရခိုင်ပြည်နယ် မြောက်ပိုင်းသို့ ရောက်ရှိခဲ့သည် နိုင်ငံတော်အတိုင်ပင်ခံကို ဘူးသီတောင်မြို့ အန်အယ်ဒီပါတီရုံးရှေ့တွင် ရခိုင်၊ သက်၊ မြို၊ ဒိုင်းနက် စသည့်တိုင်း ရင်းသားများနှင့် ဟိန္ဒူဘာသာဝင်များ စုစုပေါင်း အင်အား ၅၀ဝ ခန့်က ကြိုဆို ထောက်ခံခဲ့ကြသည်။

ညနေ ၃ နာရီခွဲတွင် ရဟတ်ယာဉ်ဖြင့် စစ်တွေလေဆိပ်သို့ ပြန်လည် ရောက်ရှိခဲ့ပြီး လေဆိပ်တွင်ပင် ပြည်နယ် အစိုးရအဖွဲ့နှင့်တွေ့ဆုံခဲ့ပြီး နေပြည်တော်သို့ ရောက်ရှိခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်သည် ရခိုင်ပြည်နယ် တောင်ပိုင်းရှိ သံတွဲ၊ တောင်ကုတ်၊ ဂွမြို့များသို့ ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲကာလတွင် မဲဆွယ်စည်းရုံးရေး ခရီးစဉ် ရောက်ရှိခဲ့ပြီး ရခိုင်မြောက်ပိုင်း စစ်တွေမြို့သို့ ၂၀ဝ၃ ခုနှစ်နောက်ပိုင်း ၁၄ နှစ်အကြာ ပထမဆုံးအကြိမ် ရောက်လာခြင်းဖြစ်ပြီး ပဋိပက္ခဒေသ မောင်တောမြို့သို့ ပထမဆုံး လာရောက်ခြင်းဖြစ်သည်။

J-09


  • VIA