News

POST TYPE

POLITICAL

ဒေါ်အောင်ဆန်းစုကြည် စစ်တွေနှင့် မောင်တောသို့ ယနေ့သွားရောက်
02-Nov-2017 tagged as


ရန်ကုန် ၊ နိုဝင်ဘာ ၂ 
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သော ရခိုင်ဖွံ့ဖြိုးရေးဆိုင်ရာအဖွဲ့ဖြစ်သည့် (UEHRD)အဖွဲ့သည် ရခိုင်ပြည်နယ် စစ်တွေမြို့နှင့် မောင်တောမြို့သို့ ယနေ့ (နိုဝင်ဘာ ၂ ရက်) နံနက်ပိုင်းတွင် သွားရောက်နေပြီဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောကြားသည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ ယခုရခိုင်ခရီးစဉ်သည် နေ့ချင်းပြန်ခရီးစဉ်ဖြစ်ပြီး စစ်တွေမြို့အပြင် မောင်တောဒေသသို့လည်း သွားရောက်မည်ဖြစ်ကြောင်း ဦးဇော်ဌေးက ပြောကြားသည်။ 

“သွားနေပြီခင်ဗျ။ ဒီနေ့မနက်ပါပဲ။ ခရီးစဉ်ကတော့ မောင်တောဘက်ကိုလည်း ရောက်မယ်။ အသေးစိတ်ကိုတော့ ကျွန်တော်တို့ သတင်းထုတ်ပြန်ပေးမယ်။ လောလောဆယ်က သတင်းထုတ်ပြန်ပေးဖို့ မရှိပါဘူး”ဟု ၎င်းက ပြောကြားသည်။ 

ဒေါ်အောင်ဆန်းစုကြည်သည် ယနေ့(နိုဝင်ဘာ ၂ ရက်) နံနက် ၉ နာရီခန့်က စစ်တွေလေဆိပ်သို့ ရောက်ရှိလာပြီး ယင်းမှတစ်ဆင့် မောင်တောမြို့သို့ ရဟတ်ယာဉ်ဖြင့် ထွက်ခွာကာ နံနက် ၁၀ နာရီခန့်တွင် မောင်တောမြို့သို့ ရောက်ရှိနေပြီဖြစ်ကြောင်း မောင်တောမြို့နယ် အမှတ်(၁) မဲဆန္ဒနယ်မှ လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းလှစိန်က ပြောသည်။

“မြို့ထဲကို ဝင်သွားတာ တွေ့လိုက်တယ်။ ဘုန်းကြီးကျောင်းတွေကို သွားနေတယ်။ ဘင်္ဂါလီနဲ့တွေ့ဖို့ Agenda တော့မကြားမိဘူး။ ဘုန်းကြီးတွေနဲ့တွေ့မယ်။ တောင်ပြိုဘက်သွားမယ်။ သူလာတာကတော့ လူထု တွေ့ဆုံပွဲမပါဘူး။ ပြန်လည် လက်ခံရေးနဲ့ပတ်သတ်ပြီး တွေ့ဖို့အတွက်တော့ စီစဉ်နေတယ် ကြားတယ်”ဟု ၎င်းက ရှင်းပြပြောဆိုသည်။

ဒေါ်အောင်ဆန်းစုကြည်သည် မောင်တောမြို့နယ်ရှိ ဘုန်းတော်ကြီးကျောင်းများသို့ သွားရောက်တွေ့ဆုံပြီး အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ထွက်ပြေးသွားရသည့် ဘင်္ဂါလီများကို ပြန်လည် နေရာချထားရေးအတွက် တောင်ပြိုလက်ဝဲဒေသသို့ သွားရောက်မည်ဖြစ်ကြောင်း ၎င်းကဆိုသည်။
ဒေါ်အောင်ဆန်းစုကြည်၏ စစ်တွေမြို့သို့ သွားရောက်သည့် ယခုခရီးစဉ်သည် ၁၄ နှစ်တာအတွင်း ပထမဆုံးသွားရောက်သည့် ခရီးစဉ်လည်း ဖြစ်သည်။

ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာမှု အကူအညီ အထောက်ပံ့ပေးရေး၊ ပြန်လည် နေရာချထားရေး၊ ဖွံ့ဖြိုးရေးစီမံကိန်း (UEHRD) ကို ရခိုင်ပြည်နယ်အတွင်း လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ထိထိရောက်ရောက် ပေးအပ်ရေးနှင့် ဒုက္ခသည်များ ပြန်လည်လက်ခံရေး၊ ပြန်လည် နေရာချထားရေးနှင့် ပြန်လည်ထူထောင်ရေးနှင့် ဒေသဖွံ့ဖြိုးရေးနှင့် ရေရှည်ပဋိပက္ခ ကင်းဝေးရေး စသည့် လုပ်ငန်းများ ဆောင်ရွက်ရန် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူကာ အောက်တိုဘာလအတွင်းက ဖွဲ့စည်းထားခြင်းဖြစ်သည်။


J-09


  • VIA
  • TAGS