News

POST TYPE

POLITICAL

ရှမ်းနှစ်ပါတီ ပူးပေါင်းရေး စီစဉ်
01-Nov-2017


နေပြည်တော်၊ နိုဝင်ဘာ ၁

ရှမ်းတိုင်းရင်းသားပါတီ နှစ်ခုဖြစ်သော SNDP (ကျားဖြူပါတီ) နှင့် SNLD (ကျားခေါင်းပါတီ)တို့ ပူးပေါင်း ဆောင်ရွက်ရေး ပြုလုပ်နိုင်ရန် ကျားဖြူပါတီ ဒုတိယ ဥက္ကဋ္ဌ ဦးစိုင်းလှကျော်က ရှမ်းပြည် ညီညွတ်ရေး ကော်မတီ (CSSU) ၏ အလှည့်ကျ သဘာပတိ ဗိုလ်ချုပ်ကြီး စဝ်ယွက်စစ်ထံ တင်ပြလိုက်ကြောင်း SNDP မှ ဗဟို အလုပ်အမှုဆောင် ကော်မတီဝင် ဒေါ်နန်းဝါနုက ပြောကြားသည်။

ရှမ်းပြည်နယ် ရဟန်းသံဃာနှင့် ပြည်သူလူထု အနေနှင့်လည်း CSSU ထံ ပေါင်းစည်းရေး လက်မှတ်ရေးထိုး တောင်းဆိုမှုကြောင့် ယင်းကဲ့သို့ တင်ပြလိုက်ခြင်းဖြစ်ကြောင်း ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်ဟောင်းဖြစ်သူ ဒေါ်နန်းဝါနုက ဆိုသည်။

အောက်တိုဘာ ၂၈ ရက်က လားရှိုးမြို့တွင် ပြုလုပ်သည့် SNDP (ကျားဖြူပါတီ)က ဗဟို အလုပ်အမှုဆောင် အစည်းအဝေးတစ်ရပ်ပြုလုပ်၍ အထက်ပါအတိုင်း ပြုလုပ်ရန် သဘောတူညီမှု ရရှိခဲ့ပြီးနောက် ၂၀၂၀ ရွေးကောက်ပွဲတွင် ရှမ်းပါတီကြီး နှစ်ခုသည် မဲဆန္ဒနယ်မြေခွဲခြား၍ ရွေးကောက်ပွဲ ဝင်ကြရန် သို့မဟုတ် မြို့နယ် ခွဲခြားရေး ရွေးကောက်ပွဲ ဝင်ကြရန် သို့မဟုတ် ပူးပေါင်းခြင်း အောင်မြင်ပါက ရှမ်းပါတီ တစ်ခုတည်း အမည်ဖြင့် ရွေးကောက်ပွဲဝင် ရိုးသားပွင့်လင်းစွာ တင်ပြခြင်းဖြစ်ကြောင်း CSSU ထံ တင်ပြစာအရ သိရသည်။

ယင်းကိစ္စနှင့်ပတ်သက်၍ ကျားခေါင်းပါတီ (SNLD) ၏ ပြည်ထောင်စု လွှတ်တော်ရေးရာ တာဝန်ခံ လက်ရှိ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းသီဟကျော်က “အကောင်းဆုံးကတော့ဗျာ တစ်ခုတည်းဖြစ်တော့ လူထုတွေက ဇဝေဇဝါ မဖြစ်တော့ဘဲနဲ့ ပိုပြီး အောင်မြင်နိုင်တဲ့ အနေအထား ရှိတာပေါ့။ ပေါင်းစည်းတာက ဘယ်ဟာမဆို ကောင်းတာပဲ။ ကျွန်တော်တို့ ဆန္ဒကလည်း ပေါင်းစည်းဖို့ ဆန္ဒရှိပါတယ်။ လူထုကလည်း ဆန္ဒရှိပါတယ်”ဟု ဆိုသည်။

ပါတီနှစ်ခု ပေါင်းစည်းလိုက်ပါက ရှမ်းပြည်နယ် ပြည်သူလူထုအတွက် ရွေးကောက်ပွဲတွင် ရွေးချယ်မှု အမှားအယွင်းများ ရှိလာမည် မဟုတ်ဘဲ ဥပဒေပြု အာဏာကို အဓိက လုပ်ဆောင်နေသော ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်တို့တွင် ပါဝင်မှု ပိုမိုများလာမည်ဟု မျှော်မှန်းကြောင်း ၎င်းက ထပ်လောင်းပြောသည်။

ယင်းပေါင်းစည်းရေးကိစ္စကို CSSU မှ အလှည့်ကျ သဘာပတိ ဗိုလ်ချုပ်ကြီး စဝ်ယွက်စစ်ထံမှ သဘောတူညီမှု ရရှိရန် လိုအပ်ကြောင်း ယင်းပါတီတို့ထံမှ သိရသည်။

ရှမ်းတိုင်းရင်းသား ပြည်သူများအတွက် CSSU ( ရှမ်းပြည်ညီညွတ်ရေး ကော်မတီ) တွင် ကျားဖြူပါတီ၊ ကျားခေါင်းပါတီ ပါဝင်သော SSJAC၊ အပစ်ရပ် လက်မှတ်ထိုးထားသည့် RCSS နှင့် ရှမ်း CSO အဖွဲ့များ ပါဝင်သည်။

S-01

  • VIA