News

POST TYPE

POLITICAL

ပင်လုံ တတိယအကြိမ် ကျင်းပရေး အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များ သဘောတူ
31-Oct-2017
ရန်ကုန်၊ အောက်တိုဘာ ၃၁

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ (၂၁ ရာစု ပင်လုံညီလာခံ) တတိယအကြိမ်ကို ယခုနှစ်အတွင်း ကျင်းပနိုင်ရေးအတွက် အစိုးရနှင့် တိုင်းရင်းသားအဖွဲ့များ ဆောင်ရွက်သွားရန် သဘောတူခဲ့ကြောင်း ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးထံမှ သိရသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် UPDJC အစည်းအဝေးကို နေပြည်တော်တွင် အောက်တိုဘာလ ၃၀ မှ ၃၁ ရက်အထိ နှစ်ရက်ကြာ ကျင်းပခဲ့ပြီးနောက် ထိုသို့ဆောင်ရွက်ရန် သဘောတူခဲ့ခြင်းဖြစ်သည်။

အဆိုပါ တတိယအကြိမ်မြောက် ကျင်းပမည့် ညီလာခံကို ယခုနှစ်အတွင်း မကျင်းပဖြစ်ဟု သတင်းများ ထွက်ပေါ်ခဲ့သော်လည်း မဖြစ်ဖြစ်အောင် ကျင်းပပြုလုပ်ရန် အစိုးရက အစည်းအဝေးတွင် တင်ပြခဲ့ပြီး ကျန်သည့် တိုင်းရင်းသားများကလည်း ကျင်းပနိုင်မည်ဟု မျှော်လင့်ထားကြောင်း ယင်းအစည်းအဝေးတွင် ပါဝင်သည့် ပအိုဝ်း အမျိုးသား လွတ်မြောက်ရေးအဖွဲ့ချုပ် (PNLO) နာယက ဗိုလ်မှူးကြီး ခွန်ဥက္ကာက ပြောကြားသည်။

အဆိုပါ ညီလာခံတွင် ယခင် ဒုတိယအကြိမ် ညီလာခံများတွင် ဆွေးနွေးခဲ့သည့် ခေါင်းစဉ်ကြီး ငါးခုကို ပြန်လည် ဆွေးနွေးသွားမည်ဖြစ်ပြီး ယခု တတိယအကြိမ် ညီလာခံတွင် နိုင်ငံရေးကဏ္ဍကို ပိုမိုအဓိက ထား၍ ဦးစားပေး ဆွေးနွေးရန် ဆုံးဖြတ်ထားကြောင်း ဗိုလ်မှူးကြီး ခွန်ဥက္ကာက ဆက်လက် ပြောဆိုသည်။

“ဒီနှစ်မှာ တစ်ကြိမ်၊ နောက်နှစ်ထဲမှာ နှစ်ကြိမ်ကျင်းပဖို့ လိုသေးတယ်။ စုစုပေါင်း သုံးကြိမ်ပေါ့။ အဲဒီသုံးကြိမ်လုံးမှာ ဖက်ဒရယ် ပြည်ထောင်စုနဲ့ ပတ်သတ်တဲ့ အခြေခံမူတွေ ရအောင် အတိုင်ပင်ခံကလည်း ပြောထားတယ်”ဟု ၎င်းကဆိုသည်။

၂၁ရာစု ပင်လုံညီလာခံတွင် တင်သွင်းရန် လိုအပ်သည့် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများကို ကျင်းပခွင့် မရရှိသေးသည့် ရခိုင်နှင့် ရှမ်းပြည်နယ်များနှင့်ပတ်သက်၍ လက်ရှိ အစည်းအဝေး ဆုံးဖြတ်ချက်များမှာ ထူးခြားမှု မရှိသေးဘဲ ဆက်လက် ညှိနှိုင်းသွားမည်ဖြစ်ကြောင်း ၎င်းက ဆက်လက် ပြောဆိုသည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ၂၁ ရာစု ပင်လုံညီလာခံများကို ခြောက်လ တစ်ကြိမ် ကျင်းပရန် စီစဉ်ထားသော်လည်း အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများ ကျင်းပပြုလုပ်ရခြင်း မရှိသေးသည့်အတွက် ယခုနှစ်အတွင်း တတိယအကြိမ် ညီလာခံကို ကျင်းပနိုင်ဖွယ် မရှိတော့ဟု သတင်းများ ထွက်ပေါ်နေခဲ့သည်။

၂၁ရာစု ပင်လုံ ညီလာခံကို ပြီးခဲ့သည့် မေလ ၂၄ ရက်က ဒုတိယအကြိမ် ကျင်းပခဲ့ပြီး ယင်းညီလာခံတွင် NCA လက်မှတ် ရေးထိုးရခြင်း မရှိသေးသည့် မြောက်ပိုင်းလက်နက်ကိုင် အဖွဲ့များကို အထူးဖိတ်ကြားသူများအနေနှင့် အစိုးရက ဖိတ်ကြားခဲ့သည်။

အဆိုပါ ဒုတိယအကြိမ် ညီလာခံကို ခြောက်ရက်ကြာ ကျင်းပခဲ့ပြီး ညီလာခံ နောက်ဆုံးနေ့ မေလ ၂၉ရက်တွင် နိုင်ငံရေးဆိုင်ရာ မူဝါဒ ၁၂ ချက်၊ စီးပွားရေးဆိုင်ရာ မူဝါဒ ၁၁ ချက်၊ လူမှုရေးဆိုင်ရာ မူဝါဒ (၄) ချက်နှင့် မြေယာနှင့် သဘာဝ ပတ်ဝန်းကျင်ဆိုင်ရာ မူဝါဒ ၁၀ ချက် စုစုပေါင်း မူဝါဒ သဘောတူချက်ပေါင်း ၃၇ ချက် ရရှိခဲ့ပြီး အဆိုပါ မူဝါဒ သဘောတူချက်များကို ပြည်ထောင်စု သဘောတူ စာချုပ်၏ အစိတ်အပိုင်းများအဖြစ် ချုပ်ဆိုခဲ့သည်။

ထို့ပြင် ယင်းသဘောတူ စာချုပ်ကို ညီလာခံ ကိုယ်စားလှယ်အစုအဖွဲ့ ငါးခုဖြစ်သော အစိုးရ၊ တပ်မတော်၊ လွှတ်တော်၊ တိုင်းရင်းသား လက်နက်ကိုင်များနှင့် နိုင်ငံရေးပါတီများ အစုအဖွဲ့တို့မှ ခေါင်းဆောင် ငါးဦးက လက်မှတ် ရေးထိုးခဲ့ကြသည်။

J-08


  • VIA