News

POST TYPE

POLITICAL

ပင်လုံတွင် အချက် ၃ ချက်ကို ဒေါ်အောင်ဆန်းစုကြည် ညွန်ကြား

နေပြည်တော်၊ အောက်တိုဘာ ၃၀

တတိယအကြိမ်  ကျင်းပမည့် ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံတွင် (၂၁ ရာစုပင်လုံ) တွင် ဆွေးနွေးမည့် အခြေခံ မူခေါင်းစဉ်များ အတည်ပြု သတ်မှတ်နိုင်ရေး အချက် ၃ ချက်ကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က UPDJC အစည်းအဝေးတွင် ညွန်ကြားခဲ့သည်။

နေပြည်တော် NRPC ရုံး၌ အောက်တိုဘာလ ၃၀ ရက်တွင် ပြုလုပ်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးပေါင်းကော်မတီ (UPDJC) အဖွဲ့ဝင်များနှင့် တွေ့ဆုံစဉ် အထက်ပါအတိုင်း မှာကြားခဲ့ခြင်းဖြစ်သည်။

ပထမဆုံး အချက်အနေနှင့် ပင်လုံ တတိယ အစည်းအဝေးတွင် အခြေခံမူဆိုင်ရာ ခေါင်းစဉ်များ ဆွေးနွေးကြမည်ကို သတ်မှတ်ပေးရန်ဖြစ်သည်။

“ညီလာခံမှာ ဆွေးနွေးမယ့်ခေါင်းစဉ်များ အတည်ပြု သတ်မှတ်ပေးပြီးတဲ့နောက် နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်ကို ဆက်လက် လုပ်ဆောင်ကြဖို့လည်း ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ရာမှာလည်း အချိန် လုံလုံလောက်လောက် ရရှိပြီး အကျေအလည် ညှိနှိုင်းနိုင်မယ့် အခြေအနေမျိုး ဖန်တီးပေးဖို့ UPDJC က စဉ်းစားပြီးတော့ ဆောင်ရွက်ပေးစေချင်တယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

ဒုတိယအချက်အနေနှင့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင် ပြန်လည် သုံးသပ်ခြင်းနှင့် ပြင်ဆင်ခြင်းကို ပြီးစီးအောင် ဆောင်ရွက်ကြရန်နှင့် တတိယအနေနှင့် သဘောတူညီချက်များ လက်တွေ့ အကောင်အထည်ဖော်ရာတွင် စနစ်ကျရေး၊ ထိရောက်ရေးအတွက် လိုအပ်သည့် Standard Operating Procedure (SOP)  ရေးဆွဲကြရန် တိုက်တွန်းခဲ့သည်။

နိုင်ငံရေးဆွေးနွေးပွဲများ အောင်မြင်ရေးတွင် UPDJC ၏ ဦးဆောင်မှု အရေးကြီးသကဲ့သို့  UPDJC လုပ်ငန်းများ လက်တွေ့ လုပ်ဆောင်ရာတွင် စနစ်တကျနှင့် ထိထိရောက်ရောက် ဖြစ်စေရန်အတွက် Standard Operating Procedure (SOP) များ ရေးဆွဲရေး၊ UPDJC ၏ လုပ်ငန်းတာဝန်များ ထိရောက်စွာ အောင်မြင်ရေးအတွက် ရုံးအဖွဲ့ စနစ်တကျ ဖွဲ့စည်းဆောင်ရွက်သွားရမည်ဖြစ်ကြောင်း၊ UPDJC ရုံးအဖွဲ့ဝင်များအနေနှင့် စာရွက်များဝေရန်နှင့် လက်မှတ်ထိုးရန်နှင့် စာအိတ်များ နှိပ်ထုတ်ဝေရန် မဟုတ်ဘဲ ငြိမ်းချမ်းရေး စိတ်ဓာတ် အပြည့်အဝနှင့် နားလည်မှု အုပ်ချုပ်ရေးဆိုင်ရာ ကျွမ်းကျင်သည့် ရုံးဖြစ်ရန်လိုကြောင်း ဒေါ်အောင်ဆန်းစုကြည်က မှာကြားခဲ့သည်။

“တချို့ကနေ စည်းမျဉ်းစည်းကမ်းတွေ ရှိလို့ရှိရင် SOP ဆိုတာ မလိုအပ်ဘူးလို့ ထင်ပါတယ်။ တကယ်တော့ စည်းမျဉ်း စည်းကမ်းတွေ ဘယ်လိုပဲရှိရှိ Standard Operating Procedure မရှိလို့ရှိရင် ဒီစည်းမျဉ်းစည်းကမ်းတွေအရ အလုပ်ကို ထိထိရောက်ရောက် လုပ်လို့မရပါဘူး။ ဒါကြောင့်မို့ ကျွန်မတို့က Standard Operating Procedure သတ်မှတ်ဖို့က အင်မတန်မှ အရေးကြီးပါတယ်”ဟု ၎င်းက ထပ်လောင်း ပြောကြားသည်။

ယင်းအပြင် တစ်နိုင်ငံလုံး အပစ်အခတ် ရပ်စဲရေး သဘောတူစာချုပ် (NCA) လက်မှတ်ရေးထိုးခြင်း မရှိသေးသော တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများ ပါဝင်လာရေးအတွက် UPDJC  အဖွဲ့ဝင်များက အတတ်နိုင်ဆုံး ကူညီပံ့ပိုးဆောင်ရွက်သွားရန် မေတ္တာ ရပ်ခံခဲ့ပြီး တိုင်းရင်းသားအဖွဲ့များအနေဖြင့် ၂၁ ရာစု ပင်လုံညီလာခံ၏ နိုင်ငံရေး ဆွေးနွေးပွဲတံခါးကို အစဉ်အမြဲ ဖွင့်ထားကြိုဆိုနေပြီး ယင်းအဖွဲ့များ ပါဝင်လာရေးကို အစိုးရအနေနှင့် အလေးအနက် ထားပါကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်က ဖိတ်ခေါ်ခဲ့သည်။

S-01