News

POST TYPE

POLITICAL

ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးအတွက် စိုးရိမ်ရဟု ဦးဝင်းထိန်ဆို
29-Oct-2017
နေပြည်တော်၊ အောက်တိုဘာ ၂၉

အားကစား ဝန်ကြီးဟောင်း၏သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်းအပါတို့ထံမှ လက်နက်များ ဖမ်းမိခြင်းကို လုံခြုံရေးအမြင်နှင့် ကြည့်ပါက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံရေးသည် အင်မတန်စိုးရိမ်စရာ ကောင်းကြောင်း NLD ပါတီ၊ ဗဟိုအတွင်းရေးမှူးအဖွဲ့ဝင် ဦးဝင်းထိန်က မီဒီယာများကို ပြောကြားလိုက်သည်။

“ကျွန်တော်က ဒေါ်အောင်ဆန်းစုကြည် လုံခြုံရေးကို ၁၉၈၈ ကတည်းက အစိုးရအဖွဲ့ ဖွဲ့တဲ့အထိ တာဝန်ယူခဲ့တော့ လုံခြုံရေးနဲ့ပတ်သက်လို့ အမြင်နဲ့ ကြည့်မယ်ဆိုရင် ဒီကလေးတွေ လက်နက်တွေနဲ့ အများကြီး တွေ့တယ်ဆိုတာက အင်မတန် စိုးရိမ်စရာ ကောင်းတယ်။ နောက်တစ်ခုက သူတို့လက်နက်တွေက သာမန်လက်နက် မဟုတ်ဘူး။ ဒီ Sniper Scope တွေပါ  ပါတဲ့အခါကျတော့ အန္တရာယ်ကြီးတာပေါ့”ဟု ၎င်းက ဆိုသည်။

နေပြည်တော်ရှိ စည်ပင်ဧည့်ရိပ်သာတွင် အောက်တိုဘာ ၂၉ ရက်ကပြုလုပ်သည့် NLD ပါတီ၏ CEC အစည်းအဝေးအပြီးတွင် ယင်းကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ၎င်းအနေနှင့် နိုင်ငံတော် အတိုင်ပင်ခံ၏ လုံခြုံရေးအတွက် အကြံပေး၍သာရပြီး လက်ရှိအချိန်တွင် အစိုးရအဖွဲ့က တာဝန်ယူထားကြောင်း၊ ယင်းအပြင် နိုင်ငံတော်သမ္မတ၊ ဒုတိယ သမ္မတနှစ်ဦး၏ လုံခြုံရေးကိုပါ အစိုးရအဖွဲ့က တာဝန်ယူထားပြီး လုံခြုံရေးကြပ်မတ်နိုင်ရေးအတွက် တိုင်ပင် လုပ်ဆောင်ရသည့် အနေအထားရှိကြောင်း ဦးဝင်းထိန်က ဆိုသည်။

“ဝင်စွက်တာမျိုးတော့ မဟုတ်ပါဘူး။ တစ်နေရာ သွားမယ်။ အခမ်းအနား လုပ်မယ်။ ဒါတွေက သူတို့ (အစိုးရအဖွဲ့) က လုပ်နေကျ။ သို့သော် ဒေါ်အောင်ဆန်းစုကြည်လို ပုဂ္ဂိုလ်ကျတော့ ရောက်တဲ့နေရာမှာ ပရိသတ်က တွေ့တယ်။ သူနဲ့ တွေ့ချင်တယ်။ အဲ့လိုကျတော့ အဲ့ဒါမျိုးကို တတ်နိုင်တာ ကျွန်တော်တို့ NLD လူငယ်တွေက ပိုကျွမ်းတယ်။ အဲ့ဒါကျ သူတို့နဲ့ပေါင်းလုပ်တာပေါ့”ဟု ၎င်းကရှင်းပြသည်။

ဝန်ကြီးဟောင်း ဦးတင်ဆန်း၏သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းအမှုတွင် ကွင်းဆက်တရားခံ ၁၅ ဦးကိုဖမ်းဆီးပြီး သေနတ် ၂၄ လက် သိမ်းဆည်းကာ အမှု ၁၇ မှု ဖွင့်ထားကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက အောက်တိုဘာ ၂၆ ရက်က လွှတ်တော်ရှိ မီဒီယာများကို ပြောကြားထားသည်။

အောက်တိုဘာလ ၁၅ ရက် ညပိုင်းက နေပြည်တော် အေလာ လေဆိပ်တွင် အားကစားဝန်ကြီးဟောင်း၏သားဖြစ်သူ ဖြိုးကိုကိုတင့်ဆန်းနှင့် အပေါင်းအပါ နှစ်ဦးထံမှ သေနတ် ၅ လက်၊ ကျည်ဆံ ကျည်တောင့်များနှင့် မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိခဲ့ရာ ရဲတပ်ဖွဲ့က ရန်ကုန်၊ သာကေတမြို့နယ်၊ ရှုခင်းသားလမ်းရှိ ဖြိုးကိုကိုတင့်ဆန်း ပိုင်ဆိုင်သော ACE  ကုမ္ပဏီနှင့် ဗဟန်းမြို့နယ်၊ ရွှေတောင်ကြား ရပ်ကွက်ရှိ ဖြိုးကိုကိုတင့်ဆန်း၏ နေအိမ်တို့မှ လက်နက်နှင့် မူးယစ်ဆေးဝါးများကို ထပ်မံ သိမ်းဆည်းရမိခဲ့သောကြောင့် ၎င်းနှင့် အပေါင်းအပါတစ်စုကို နေပြည်တော် အေလာနယ်မြေရဲစခန်း၊ ဒက္ခိဏ မြို့မရဲစခန်း၊ ရန်ကုန်မြို့ရှိ ဗဟန်းနှင့် သာကေတမြို့မ ရဲစခန်းများတွင် သက်ဆိုင်ရာ ဥပဒေပုဒ်မများဖြင့် အမှုဖွင့် အရေးယူထားကြောင်း ရဲတပ်ဖွဲ့ထံမှ စုံစမ်းသိရှိရသည်။

ယင်းအမှုကို CID မှ  စနစ်တကျနဲ့ စတင် ကိုင်တွယ်နေပြီဖြစ်ပြီး လုပ်ဆောင်ချက်များနှင့် ပတ်သတ်၍ ပြည်သူကို အသိပေးသင့်သည့်အချိန်တွင် ပြည်ထောင်စု အစိုးရအဖွဲ့၏ ခွင့်ပြုချက်ရယူပြီး အသိပေးသွားမည်ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်စိုးက ပြောကြားခဲ့သည်။

T.L, S-01


  • VIA