News

POST TYPE

POLITICAL

ဘာသာပေါင်းစုံ ဆုတောင်းပွဲများကို မလုပ်ပါနှင့်ဟုပြောရန် မကောင်းကြောင်း ဦးဝင်းထိန် ဆို
29-Oct-2017

နေပြည်တော်၊ အောက်တိုဘာ ၂၉

တိုင်းနှင့်ပြည်နယ် ဒေသအချို့တွင် ပြုလုပ်နေသော ဘာသာပေါင်းစုံ ဆုတောင်းပွဲများကို ပြုလုပ်ပြီးသည့် အချိန်ကာလရောက်မှ သိရှိရသည့် အကြောင်းအရာများရှိပြီး ပွဲလုပ်ရန် တောင်းဆိုသူများကိုလည်း ဗဟိုအနေနှင့် မလုပ်ပါနှင့်ဟုပြောရန် မကောင်းကြောင်း ဦးဝင်းထိန်က ပြောကြားသည်။

နေပြည်တော် စည်ပင်ဧည့်ရိပ်သာဝင်းအတွင်း ပြုလုပ်သည့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ (NLD) ၏ ဗဟိုအလုပ်အမှုဆောင် အစည်းအဝေး (CEC) အပြီးတွင် မီဒီယာများ၏ မေးမြန်းချက်ကို ၎င်းက အထက်ပါအတိုင်း ပြောကြားခြင်း ဖြစ်သည်။

“ကျွန်တော်တို့ ဗဟိုအနေနဲ့ ပြောတာက တိုင်းနဲ့ပြည်နယ်တွေ အဆင့်ပဲ လုပ်ကြ။ အဲဒီလို လုပ်တဲ့အခါမှာ မိန့်ခွန်းတွေ ဘာတွေ ပြောစရာ မလိုဘူး။ ဗုဒ္ဓဘာသာဆိုလည်း ဗုဒ္ဓဘာသာအတိုင်း  ဆုတောင်း၊ မွတ်ဆလင်ဆို မွတ်ဆလင် ဘာသာနဲ့ ဆုတောင်း၊ ဟိန္ဒူ၊ ခရစ်ယာန် စသဖြင့် ဆုတောင်းကြဆိုပြီးတော့ လုပ်လိုက်တဲ့အခါမှာ အဲ့ဒီမှာ တက်ကြွပြီး တချို့က စိတ်ပြောင်းသွားပြီး မိုက်ကိုင်ပြီး အပေါ်ရောက်မှ ပေါက်ကရတွေ ပြောတဲ့လူရှိတယ်”ဟု ဦးဝင်းထိန်က ဆိုသည်။

တိုင်းဒေသကြီးနှင့် ပြည်နယ်ဒေသ အချို့တွင် ဘာသာပေါင်းစုံ ဆုတောင်းပွဲ လုပ်နေသည့်အပေါ် ဘာသာရေးအရ တိုင်ကြားခြင်း မရှိသေးဟု အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဗဟိုအဖွဲ့အတွင်းရေးမှူး ဦးဝင်းထိန်က ပြောသည်။

“နိုင်ငံရေးအရ ဘာမှ ထိခိုက်တာတော့ မရှိဘူး။ ဘာသာရေးအရလည်း တိုင်တာတောတာ မရှိဘူးဆိုတဲ့အခါကျတော့ သာမန် နိုင်ငံရေး လှုပ်ရှားမှုမျိုးပဲ သဘောထားတော့မှာပေါ့။ မြှောက်တော့  မပေးဘူး”ဟု ၎င်းကဆိုသည်။

ရန်ကုန်အပါအဝင် မြို့ကြီး အများအပြားတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီက ဦးဆောင် ကျင်းပနေသည့် ဘာသာပေါင်းစုံ ဆုတောင်းပွဲများမှာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ချိုးဖောက်ရာ ရောက်ကြောင်း အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) က အောက်တိုဘာလ ၂၆ ရက် သဘောထား ကြေညာချက် ထုတ်ပြန်လိုက်သည်။

၂၀ဝ၈ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေတို့တွင် ဘာသာရေးကို နိုင်ငံရေးအတွက် အလွဲသုံးစား မလုပ်ရဟု တားမြစ်ထားသော်လည်း NLD ပါတီ က ဦးစီးပြီး တိုင်းအဆင့်၊ မြို့နယ်အဆင့် ဘာသာပေါင်းစုံ ဆုတောင်းပွဲများ ကျင်းပခြင်းမှာ အဆိုပါ ဥပဒေများကို ချိုးဖောက်ရာ ရောက်ကြောင်း ယင်းထုတ်ပြန်ချက်တွင်ဖော်ပြသည်။

ဘာသာရေးနှင့် ပတ်သက်သော ကိစ္စရပ်များကို အခြေခံဥပဒေအရ သာသနာရေးနှင့် ယဉ်ကျေးမှု ဝန်ကြီးဌာနကသာ ဆောင်ရွက်ရမည်ဖြစ်ပြီး ဆုတောင်းပွဲလုပ်ရာတွင် လွဲချော်မှားယွင်းမှုများကြောင့် ဗုဒ္ဓဘာသာ အများစုဖြစ်သည့် နိုင်ငံသား ပြည်သူအများစုတို့၏ နှလုံးစိတ်ဝမ်း ထိခိုက်ညှိုးနွမ်းစေသည်ဟု စဉ့်ကိုင်မြို့က ဖြစ်ရပ်ကို ဥပမာပေး၍ NDF ပါတီက ထုတ်ပြန်သည်။ 

စဉ့်ကိုင်မြို့တွင် ပြုလုပ်ခဲ့သော ဘာသာပေါင်းစုံ ဆုတောင်းပွဲနှင့်ပတ်သက်၍ ပွဲစီစဉ်ခဲ့သည့် ပါတီတာဝန်ရှိသူများက အောက်တိုဘာလ ၂၇ ရက်တွင် မြို့နယ် သံဃနာယက ဆရာတော်ကြီးများကို ဝန်ချတောင်းပန်ခဲ့ပြီး ယင်းဖြစ်စဉ်မျိုး ထပ်မံ မဖြစ်ပွားစေရန်နှင့် စေလွှတ်ခဲ့သည့် ကျောင်းတိုက်မှ ဆရာတော်ကို မြို့နယ် သံဃနာယက ဆရာတော်ကြီးများက ဩဝါဒပေးခဲ့သည်။ 

ဘာသာပေါင်းစုံ ဆုတောင်းပွဲများ ကျင်းပခြင်းသည် မြန်မာနိုင်ငံတွင် ဖြစ်ပေါ်နေသည့် မငြိမ်းချမ်းမှုများ ကင်းစင်စေရန်အတွက်ဖြစ်ပြီး ပါတီဥပဒေ၊ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံ ဥပဒေများကို ချိုးဖောက်ရာ မရောက်ကြောင်း မန္တလေး တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးလှိုင်ဝင်းက  ဆိုသည်။ 

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးလှသိန်းက အမျိုးသား ဒီမိုကရေစီ အင်အားစုပါတီ (NDF) ၏ ထုတ်ပြန်ချက်နှင့်ပတ်သက်၍ ဟိုပါတီက တစ်မျိုးပြော၊ ဒီပါတီက တစ်မျိုးပြော၊  သူတို့ချင်းပြောတာကို ကျွန်တော်တို့က ကြားထဲက ဖြေရှင်းလို့ မရဘူး။ တကယ်လို့ တရားဝင်စာနဲ့ တိုင်ကြားလာရင် တရားဝင် ဖြေရှင်းရမှာပေါ့။ ဂျာနယ်ထဲမှာ၊ Facebook မှာ တစ်ဖက်နဲ့တစ်ဖက် ပြောနေတာကို လိုက်ရှင်းနေရင် ပြီးမှာ မဟုတ်ဘူး”ဟု ပြောဆိုသည်။

မန္တလေးတိုင်း စဉ့်ကိုင်းမြို့တွင် ကျင်းပသည့် ဘာသာပေါင်းစုံ ဆုတောင်းပွဲတွင် သာမဏေငယ်များ မြေပြင်ပေါ်တွင် ထားရှိသည့်ကိစ္စနှင့်ပတ်သက်ပြီး မန္တလေးတိုင်း အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့က တိုင်းသံဃနာယက ဥက္ကဋ္ဌ ဆရာတော်ဘုရားကြီးထံ တိုင်ကြားထားသည်။

T.L


  • VIA