News

POST TYPE

POLITICAL

သက်ကြီးနိုင်ငံရေး အကျဉ်းသားဟောင်း ၄၁ ဦးကို ပထမဆုံး ဂါရဝပြု
29-Oct-2017


မန္တလေး၊ အောက်တိုဘာ ၂၉

မန္တလေးမြို့တော်ရှိ အသက် ၇၀ နှစ်အထက် သက်ကြီးနိုင်ငံရေး အကျဉ်းသားဟောင်းများကို ပထမဆုံးအကြိမ်အဖြစ် မျိုးဆက်သစ် နိုင်ငံရေး အကျဉ်းသားဟောင်းများက ဂါရဝပြုခဲ့ကြောင်း အခမ်းအနား ဖြစ်မြောက်ရေးအဖွဲ့ထံမှ သိရသည်။ 

နိုင်ငံရေး အကျဉ်းသားဟောင်းကြီးများအနေနှင့် ခေတ်အဆက်ဆက် နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် စွမ်းဆောင်ခဲ့ကြသော်လည်း ကူညီထောက်ပံ့မှုများ မလုပ်ပေးနိုင်ခဲ့သောကြောင့် ယခုကဲ့သို့ ဂါရဝပြုရခြင်းဖြစ်ကြောင်း အခမ်းအနား ဖြစ်မြောက်ရေးအဖွဲ့ဝင် ဦးခင်မောင်သဲက ပြောကြားသည်။ 

“ဒီလူတွေရဲ့ဘဝတွေကို မြင်စေချင်တယ်။ သက်ကြီး နိုင်ငံရေးအကျဉ်းသားဟောင်းတွေက လက်ရှိမှာ အကူအညီမဲ့နေတယ်။ ဒီပွဲကနေ သူတို့ကို ဖေးမပါတယ်၊ ဂရုပြုပါတယ်၊ နွေးထွေးမှုတွေ ပေးပါတယ် ဆိုတာကို ပြချင်တာပါ”ဟု ၎င်းက ရှင်းပြသည်။ 

အဆိုပါ ဂါရဝပြု အခမ်းအနားကို မန္တလေးမြို့ရှိ ဓမ္မသာလခန်းမ၌ အောက်တိုဘာ ၂၉ ရက်နေ့က ကျင်းပခဲ့ခြင်းဖြစ်ပြီး အသက် ၇၀ နှင့်အထက် သက်ကြီးနိုင်ငံရေး အကျဉ်းသားဟောင်း ၄၁ ဦးကို ဂါရဝပြုခဲ့ကာ နိုင်ငံရေး အကျဉ်းသားဟောင်းများ တွေ့ဆုံပွဲကိုပါ တစ်ပါတည်း ပြုလုပ်ခဲ့ကြောင်း အခမ်းအနား ဖြစ်မြောက်ရေး အဖွဲ့ထံမှ သိရသည်။

သက်ကြီးနိုင်ငံရေး အကျဉ်းသားများအနေနှင့် ခေတ်အဆက်ဆက်တွင် အာဏာရှင်စနစ် ပြုတ်ကျရေး တိုက်ပွဲဝင်ခဲ့ကြသည့် သူရဲကောင်များ ဖြစ်ကြောင်း၊ ဂါရဝပြုပွဲများကို နောင်နှစ်များတွင် ဆက်လက် ကျင်းပနိုင်ရန်လိုကြောင်း ယင်းပွဲသို့ တက်ရောက်ခဲ့သည့် နိုင်ငံရေး အကျဉ်းသားဟောင်းတစ်ဦးဖြစ်သူ ဦးအေးသိန်းက ပြောကြားသည်။

M-05

  • VIA