News

POST TYPE

POLITICAL

ANP ပါတီ၏ မြို့နယ်အချို့ အလုပ်အမှုဆောင်အဖွဲ့များကို ဖျက်သိမ်းပြီး အသစ်ပြန်လည် ဖွဲ့စည်းမည်
28-Oct-2017

ရန်ကုန်၊ အောက်တိုဘာ ၂၈

ရခိုင်အမျိုးသားပါတီ (ANP)၏ စစ်တွေမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ကို ဖျက်သိမ်းပြီး အသစ်ပြန်လည် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပါတီ အထွေထွေ အတွင်းရေးမှူး ဦးထွန်းအောင်ကျော်က ပြောကြားသည်။

အောက်တိုဘာ ၁၃ နှင့် ၁၄ ရက်တို့က ကျင်းပသည့် ပါတီဗဟိုကော်မတီ အစည်းအဝေး ဆုံးဖြတ်ချက်အရ ပါတီ ညီလာခံမတိုင်ခင် ပါတီရည်မှန်းချက်များကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်ခြင်း မရှိသည့် မြို့နယ်များမှ အလုပ်အမှုဆောင်အဖွဲ့များကို ပြန်လည် ဖွဲ့စည်းရမည်ဟူသော ဆုံးဖြတ်ချက်အရ ဆောင်ရွက်ခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။

“အလုပ်မလုပ်နိုင်တဲ့ မြို့နယ်တွေ၊ အပေါ်အောက် ညီညွှတ်မှုမရှိတဲ့ မြို့နယ်တွေ၊ ဗဟိုနဲ့ မြို့နယ် ဆက်စပ်မှုတွေ အားနည်းနေတဲ့ မြို့နယ်တွေကို ပြန်လည် ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်။ ဗဟိုကလူတွေ ကွင်းဆင်းပြီးတော့ မြို့နယ် ကော်မတီဝင်တွေရဲ့ သဘောထားကို ရယူပြီး ပြန်လည် ဖွဲ့စည်းသွားမှာ ဖြစ်ပါတယ်”ဟု ၎င်းက ဆိုသည်။

ရခိုင်အမျိုးသားပါတီ (ANP)၏ ဗဟိုဌာနချုပ်နှင့် အနီးဆုံးရှိသည့် စစ်တွေမြို့နယ် အလုပ်အမှုဆောင်အဖွဲ့ကို အဖွဲ့ဝင်များ၏ သဘောထားအရ ပြီးခဲ့သည့် အောက်တိုဘာ ၂၅ ရက်တွင် ဖျက်သိမ်းခဲ့ပြီး လာမည့် နိုဝင်ဘာ ၁ ရက်နေ့တွင် အသစ် ပြန်လည် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ပါတီ ဗဟို ကော်မတီဝင်များထံမှ သိရသည်။

ရခိုင်ပြည်နယ်အတွင်း မြောက်ဦး၊ ဘူးသီးတောင်နှင့် ကျောက်တော်မြို့နယ် ကဲ့သို့သော အားကောင်းသော မြို့နယ်များကို ပြန်လည် ဖွဲ့စည်းရန်မလိုဘဲ အခြားသော မြို့နယ်များနှင့် ကျေးရွာများတွင် ပြန်လည် ဖွဲ့စည်းရန် လိုအပ်ချက်များကို ဗဟို အလုပ်မှုဆောင် ကော်မတီဝင်များက ကွင်းဆင်းကာ လိုအပ်ပါက အသစ် ပြန်လည် ဖွဲ့စည်းသွားမည်ဖြစ်ကြောင်း ဦးထွန်းအောင်ကျော်က ပြောဆိုသည်။

“ညီလာခံ မတိုင်ခင်မှာ မြို့နယ်တွေ အားရှိမှ ဗဟိုက အားရှိနိုင်မယ်။ ဗဟို အားရှိမှလည်း အမျိုးသားရေး မျှော်မှန်းချက်တွေကို အပေါ်အောက် ညီညီညွှတ်ညွှတ် အကောင်အထည် ဖော်နိုင်မယ်ဆိုတဲ့ မူဝါဒနဲ့ ကျွန်တော်တို့ အားနည်းတဲ့ မြို့နယ်တွေကိုတော့ ပြန်လည် ဖွဲ့စည်းသွားမှာ ဖြစ်တယ်”ဟု ၎င်းက ရှင်းပြပြောဆိုသည်။

ရခိုင်အမျိုးသားပါတီ၏ ပါတီ ညီလာခံကို ယခင်က ၂၀၁၇ ခုနှစ် ဒီဇင်ဘာတွင် ပြုလုပ်ရန် ရည်ရွယ်ထားသော်လည်း ရခိုင်ပြည်နယ် မြောက်ပိုင်း မောင်တောခရိုင်တွင် ဖြစ်ပွားခဲ့သော အကြမ်းဖက်ခံရမှု ဖြစ်စဉ်များတွင် ထောက်ပံ့ ကူညီမှုများ ပြုလုပ်နေသည့်အတွက် အများစုသော ပါတီခေါင်းဆောင်တို့သည် ယင်းလုပ်ငန်းများကို ဆောင်ရွက်နေရသည့်အတွက် ပါတီညီလာခံတွင် တင်သွင်းရမည့် ပါတီဖွဲ့စည်းပုံ မူဝါဒနှင့် ရည်ရွယ်ချက်များကို ရေးဆွဲရမည့်အချိန် မလုံလောက်သဖြင့် ပါတီညီလာခံကို ရွှေ့ဆိုင်းလိုက်ပြီး ၂၀၁၈ ခုနှစ်တွင်သာ ကျင်းပနိုင်တော့မည်ဖြစ်ကြောင်း ဗဟို ကော်မတီဝင်များထံမှ သိရသည်။

J-09

  • VIA