News

POST TYPE

POLITICAL

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် UPDJC အစည်းအဝေး ယခုလကုန် ကျင်းပမည်
ရန်ကုန်၊ အောက်တိုဘာ ၂၅

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) အစည်းအဝေးကို ယခုလကုန် (အောက်တိုဘာလ) တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

UPDJC အစည်းအဝေးမတိုင်မီ အောက်တိုဘာလ ၂၈ ရက်မှ ၂၉ ရက်ထိ UPDJC အတွင်းရေးမှူး အစည်းအဝေးကို ကြိုတင်ကျင်းပ၍ UPDJC အစည်းအဝေးကို အောက်တိုဘာလ ၃၀ ရက်နှင့် ၃၁ရက် နှစ်ရက်ကြာ ကျင်းပသွားမည်ဖြစ်ပြီး ယင်းအစည်းအဝေးတွင် အမျိုးသားအဆင့် နိုင်ငံရေး ဆွေးနွေးပွဲများအတွက် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူများနှင့်ပတ်သက်သည့် ခေါင်းစဉ်များကို ချပေးသွားမည်ဖြစ်ကြောင်း ဦးဇော်ဌေးက ဆိုသည်။

“အဓိကအားဖြင့် ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေကို ပြီးခဲ့တဲ့ ၂၁ ပင်လုံ ဒုတိယအစည်းအဝေးမှာ ကျန်ခဲ့တဲ့ သဘောတူညီမှု မရခဲ့တဲ့ဟာတွေ ရှိတယ်၊ အလားတူပဲ ထပ်ပြီးတော့ UPDJC မှာ သတ်မှတ်ပေးရမယ့် ခေါင်းစဉ်တွေလည်း ရှိသေးတယ်၊ အဲဒါတွေအတွက် မြန်မြန်ဆန်ဆန် လုပ်ချင်တယ်ဆိုပြီးတော့ EAOs ခေါင်းဆောင်တွေနဲ့ ညှိလိုက်တာ”ဟု ၎င်းက ဆိုသည်။

ပုံမှန်အားဖြင့် နှစ်လတစ်ကြိမ် ကျင်းပပြုလုပ်ရမည်ဖြစ်သည့် UPDJC အစည်းအဝေးကို ပြီးခဲ့သည့် မေလ ၂၈ ရက်နေ့က နောက်ဆုံး ခေါ်ယူခဲ့ခြင်းဖြစ်ပြီး လက်ရှိအချိန်ထိ ခေါ်ယူနိုင်ခဲ့ခြင်း မရှိသေးပေ။

အဆိုပါ ကျင်းပခဲ့သည့် UPDJC အစည်းအဝေးမှ ထွက်ပေါ်လာသည့် ကဏ္ဍအလိုက် ခေါင်းစဉ်များကို ပြီးခဲ့သည့် မေလကုန်ပိုင်းက ကျင်းပပြုလုပ်ခဲ့သော ဒုတိယအကြိမ်မြောက် ၂၁ ရာစု ပင်လုံ ညီလာခံတွင် အတည်ပြုနိုင်ခဲ့သည်။

ထို့ပြင် ယခုနှစ် (၂၀၁၇) မကုန်မီ ၂၁ ရာစု ပင်လုံညီလာခံ အခမ်းအနားတစ်ခု ကျင်းပပြုလုပ်ရန် ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ပြီးခဲ့သည့်ရက်ပိုင်းက ပြုလုပ်ခဲ့သည့် NCA တစ်နှစ်ပြည့် အခမ်းအနားတွင် ပြောကြားခဲ့သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ဆွေးနွေးမှု ပူးတွဲကော်မတီ (UPDJC) တွင် နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ဥက္ကဋ္ဌအဖြစ် တာဝန်ယူထားပြီး အစိုးရ၊ လွှတ်တော်နှင့် တပ်မတော် အစုအဖွဲ့တို့မှ ကိုယ်စားလှယ် ၁၆ ဦး၊ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များမှ ကိုယ်စားလှယ် ၁၆ ဦး၊ နိုင်ငံရေးပါတီများမှ ကိုယ်စားလှယ် ၁၆ ဦးတို့ ပါဝင်သည်။

J-08