News

POST TYPE

POLITICAL

၂၁ ရာစု ပင်လုံညီလာခံသို့ ကြံ့ခိုင်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်များ တက်ရောက်မည်
28-Aug-2016

နေပြည်တော်၊ သြဂုတ် ၂၈

၂၁ ရာစု ပင်လုံညီလာခံ အစည်းအဝေးသို့ ကြံ့ခိုင်ရေးပါတီမှ ဗဟိုနာယကအဖွဲ့ (ပါတီဦးဆောင် ကော်မတီ)တက်ရောက်သွားရန် မရှိဘဲ အလုပ်အမှုဆောင် အဖွဲ့ဝင်များသာ တက်ရောက်မည်ဖြစ်ကြောင်း ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးခင်ရီက ပြောကြားသည်။

“ပါတီ ဗဟို အလုပ်အမှုဆောင်ထဲကနေ ရွေးချယ်သွားမှာပါ။ ဗဟိုနာယက အဖွဲ့က တက်ရောက်ဖို့ မရှိဘူး။ အစည်းအဝေး လုပ်ရဦးမယ်”ဟု ဦးခင်ရီက ဆိုသည်။

ယင်းညီလာခံသို့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားပြု တက်ရောက်မည့်သူ အတည်ပြုနိုင်ရန် သြဂုတ်လ ၂၉ ရက်နေ့၌ အစည်းအဝေး ကျင်းပ၍ ထုတ်ပြန်သွားမည်ဖြစ်ကြောင်း ကြံ့ခိုင်ရေး ပါတီထံမှ သိရသည်။

“ခုနစ်ယောက် တက်ဖို့ အစည်းအဝေးမှာ ရွေးချယ်ရမယ်”ဟု ဦးခင်ရီက ဆက်လက် ရှင်းပြ ပြောဆိုသည်။

ကြံ့ခိုင်ရေး ပါတီသည် ဒုတိယအကြိမ် ညီလာခံ ဆုံးဖြတ်ချက်အရ ပါတီဗဟို နာယကအဖွဲ့ ကိုးဦး၊ ဗဟိုအတိုင်ပင်ခံအဖွဲ့ ၂၁ ဦး၊ ပါတီဗဟို အလုပ်အမှုဆောင် ကော်မတီ ၃၆ ဦးအပြင် ပါတီဥက္ကဋ္ဌ၊ ဒုဥက္ကဋ္ဌများအပြင် တိုင်းဒေသကြီး ပါတီဥက္ကဋ္ဌများကိုလည်း ပြောင်းလဲ ဖွဲ့စည်းခဲ့ရာက ဗဟိုနာယက အဖွဲ့ဝင်ကို ဦးသိန်းစိန်၊ ဦးဌေးဦး၊ သူရဦးအေးမြင့်၊ ဦးစိုးသာ၊ ဦးလွန်းသီ၊ ဦးတင်ထွဋ်၊ သူရဦးမြင့်မောင်၊ ဦးခင်အောင်မြင့်တို့ဖြင့် ဖွဲ့စည်းခဲ့သည်။

၂၁ ရာစုပင်လုံညီလာခံ၌ ပြည်သူ ရွေးချယ်ခံရသော နိုင်ငံရေးပါတီ ၂၂ ခုမှ ကိုယ်စားပြု တက်ရောက်ခွင့်ရှိသူ ၁၅ဝ အနက် တစ်ပါတီလျှင် အချိုးကျ ၇ ယောက်ခန့် တက်ရောက်ခွင့် ရရှိမည်ဖြစ်ကြောင်း သိရသည်။

  • VIA