News

POST TYPE

POLITICAL

ကိုဖီအာနန် ဦးဆောင်သော အကြံပေး ကော်မရှင် ဖျက်သိမ်းပေးရန်နှင့် ဘင်္ဂါလီများကို နိုင်ငံသားဥပဒေအတိုင်း ဆောင်ရွက်ပေးရန် အဆိုတင်မည်
28-Aug-2016 tagged as

ရန်ကုန်၊ သြဂုတ် ၂၇

နိုင်ငံတော်သမ္မတရုံးမှ သြဂုတ်လ ၂၄ ရက်နေ့တွင် ဖွဲ့စည်းခဲ့သော ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ကို ဖျက်သိမ်းပေးရန်နှင့် ဘင်္ဂါလီများကို ၁၉၈၂ ဥပဒေအတိုင်း စိစစ် ဆောင်ရွက်ပေးရန်အတွက် ရခိုင်ပြည်နယ် လွှတ်တော် အထူး အစည်းအဝေး၌ အရေးကြီးအဆို တင်သွင်းသွားမည်ဖြစ်ကြောင်း ရခိုင်အမျိုးသားပါတီ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် အချို့က ပြောကြားသည်။

ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဟောင်း  ကိုဖီအာနန် ကော်မရှင်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်မည့် အဆိုပါ ကော်မရှင်တွင် မြန်မာနိုင်ငံသား ခြောက်ဦး၊ နိုင်ငံတကာ ပညာရှင် သုံးဦး၊ စုစုပေါင်း ကိုးဦးဖြင့် ဖွဲ့စည်းကြောင်း ကြေညာပြီး ရက်ပိုင်းအတွင်းမှာပင် ရခိုင်အမျိုးသား ပါတီ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ၁၃ ဦးက လက်မှတ် ရေးထိုး၍  ရခိုင်ပြည်နယ် လွှတ်တော် အထူး အစည်းအဝေး ခေါ်ယူပေးရန် ပြည်နယ် လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့ခြင်း ဖြစ်သည်။

“အရေးပေါ် အထူး အစည်းအဝေး ခေါ်ပေးဖို့ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်တွေ စုပေါင်း လက်မှတ် ရေးထိုးပြီး လွှတ်တော်ဥက္ကဋ္ဌထံ တင်ပြခဲ့တယ်။ လွှတ်တော်ဥက္ကဋ္ဌကလည်း ခွင့်ပြုခဲ့တယ်။ ဆွေးနွေးမှာက ဘင်္ဂါလီ ကိစ္စပါမယ်။ အထူးအကြံပေး ကော်မရှင် ဖျတ်သိမ်းပေးဖို့ ပါမယ်”ဟု မြေပုံမြို့နယ် ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် ဦးမြသန်းက ဆိုသည်။

ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်များမှ အရေးပေါ် အထူး အစည်းအဝေး ခေါ်ယူပေးရန် လက်မှတ်ရေးထိုး တောင်းဆိုမှုကြောင့် ရခိုင်ပြည်နယ် လွှတ်တော် အထူး အစည်းအဝေးအား စက်တင်ဘာလ ၁၂ ရက်နေ့၌ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

“စက်တင်ဘာလ ၁၂ ရက်နေ့မှာ အထူး အစည်းအဝေး ပြုလုပ်မယ်ပေးဆိုတာ သေချာသွားပြီ”ဟု ဦးမြသန်းက ဆက်လက် ပြောဆိုသည်။

ယင်းကော်မရှင် ဖွဲ့စည်းပြီးနောက်တွင် ရခိုင်အမျိုးသားပါတီ၊ အမျိုးသား ဒီမိုကရေစီ အင်အားစု(NDF)၊ အမျိုးသား တိုးတက်မြင့်မားရေး ပါတီ၊ ကြံ့ခိုင်ရေးပါတီ၊ အမျိုးသားတိုးတက်ရေးပါတီ၊ ရခိုင်အမျိုးသားပါတီတို့မှ ကော်မရှင်ကို ကန့်ကွက်ကြောင်း ထုတ်ပြန်ချက်များလည်း ပေါ်ထွက်လာခဲ့သည်။

“ကော်မရှင်ကို ဦးဆောင်တဲ့သူက နိုင်ငံသားပဲ ဖြစ်သင့်တယ်။ ပြည်ပက လူ မဖြစ်သင့်ဘူး။ ၁၉၈၂ ဥပဒေအတိုင်း ဆောင်ရွက်သင့်တယ်”ဟု NDF ပါတီ ဥက္ကဋ္ဌ ဦးခင်မောင်ဆွေက ဆိုသည်။

ပြည်ပ ပညာရှင်များကို ရွေးချယ် ခန့်အပ်ခြင်းသည် ကော်မရှင်၏ တွေ့ရှိချက် အကြံပြုချက်များ ထွက်ပေါ်လာသည့်အခါ နိုင်ငံတကာ အသိုင်းအဝိုင်းမှ ပြန်လည် သုံးသပ်နိုင်ရန်ဖြစ်ပြီး ရခိုင်ပြည်နယ် ပြဿနာများသည် ခေက်အဆက်ဆက် ဖြေရှင်းသော်လည်း အဖြေ မထွက်သည့်အတွက် ဖြေရှင်းရန် ဆောင်ရွက်ရခြင်း ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံး ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက သြဂုတ်လ ၂၆ ရက် ဝန်ကြီးဌာန ရက် ၁ဝဝ သတင်းစာ ရှင်းလင်းပွဲ၌ ဆိုသည်။

“ကော်မရှင်က တင်ပြလာတဲ့ အကြံပြုချက်တွေကို အစိုးရကို တင်ပြဖို့ပဲ ရှိတယ်။ ဘာလုပ်ပါလို့ ကော်မရှင်က ပြောပိုင်ခွင့် မရှိဘူး”ဟု ဦးဇော်ဌေးက ဆိုသည်။

ကော်မရှင်၏ တွေ့ရှိချက် အကြံပြုချက်များကို ကော်မရှင် တည်ထောင်ပြီး ၁၂ လထက် နောက်မကျစေဘဲ အစီရင်ခံစာကို နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှတစ်ဆင့် မြန်မာအစိုးရထံ တင်ပြရမည်ဖြစ်ကြောင်း နိုင်ငံတော်သမ္မတရုံးထံမှ သိရသည်။ 

  • VIA
  • TAGS