News

POST TYPE

POLITICAL

၂၁ ပင်လုံညီလာခံအတွက် ကချင်ပြည်နယ်ရှိ တိုက်ပွဲများ ရပ်တန့်ပေးရန် KPCC တောင်းဆို
27-Aug-2016

ရန်ကုန်၊ သြဂုတ် ၂၇

၂၁ ရာစု ပင်လုံညီလာခံ - ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ ကျင်းပခါနီး အချိန်တွင် ကချင်ပြည်နယ်တွင်း တိုက်ပွဲများ ဖြစ်ပွားနေမှုနှင့် မြန်မာ့ တပ်မတော်မှ ထိုးစစ်ဆင် တိုက်ခိုက်နေမှုများအား ရပ်တန့်ပေးရန် ကချင်နိုင်ငံရေး ပါတီများ ညှိနှိုင်း ပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (KPCC) က တောင်းဆိုလိုက်သည်။

၂၁ ရာစု ပင်လုံညီလာခံ ကျင်းပရန် ပြင်ဆင် နေချိန်တွင် ကချင်ပြည်နယ်သို့ မြန်မာ့ တပ်မတော်မှ ထိုးစစ်ဆင် တိုက်ပွဲစစ်ရေး လှုပ်ရှားမှုများ ဆက်တိုက် လုပ်ဆောင်လာမှုအပေါ် KPCC အနေနှင့် စိုးရိမ်ကြောင်း သဘောထား ထုတ်ပြန် ချက်တစ်ခုကို သြဂုတ်လ ၂၄ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။

“ထိုးစစ်တွေ ဖြစ်နေတဲ့အပေါ် ပြည်သူလူထုတွေ အနေနဲ့ အခက်အခဲတွေ အတားအဆီးတွေ အများကြီး ကြုံလာရတယ်၊ ဒုက္ခသည်တွေ ပိုပြီးတော့ များလာ တဲ့ အနေအထားကို တွေ့ရတယ်၊ ဒါကြောင့် ကျွန်တော်တို့အနေနဲ့က သဘောထား ထုတ်ပြန်ချက် တစ်ခု ထုတ်ပြန်ခဲ့တာပါ”ဟု ကချင် ဒီမိုကရက်တစ် ပါတီ တွဲဖက် အတွင်းရေးမှူး ဂျော်ဆန်နော်က ပြော ကြားသည်။

အလားတူ ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ စတင်ခါနီး အချိန်တွင် နိုင်ငံရေး ငြိမ်းချမ်းမှု အဖြေရှာရမည့် အပေါ်တွင် ထိုးစစ ပိုမို ဖြစ်ပွားနေမှုကို ၎င်းတို့အနေဖြင့် စိုးရိမ်ကြောင်း၊ ငြိမ်းချမ်းရေးကို လိုလားကြောင်း ပြသသည့် အနေနှင့် ထိုးစစ်များကို ရပ်တန့် ပေးသင့်ကြောင်း ၎င်းက အကြံပြု ပြောဆိုသည်။

ကချင်နိုင်ငံရေး ပါတီများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေး ကော်မတီတွင် ကချင် ဒီမိုကရက်တစ် ပါတီ၊ လော်ဝေါ် အမျိုးသား ပါတီ၊ ကချင်ပြည်နယ် ဒီမိုကရေစီ ပါတီတို့သည် ပါဝင်လျက်ရှိရာ သြဂုတ်လ ၂ဝ ရက်နေ့တွင်  လီဆူအမျိုးသား ပါတီလည်း ပူးပေါင်း ပါဝင်လာကြောင်း ကချင်နိုင်ငံရေး ပါတီများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (KPCC) ထံမှ သိရသည်။

ကချင်နိုင်ငံရေး ပါတီများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (KPCC) အနေနှင့် ကချင်နိုင်ငံရေး ပါတီများ၏ ပူးပေါင်း ဆောင်ရွက်ရေးကို ဦးစားပေး လုပ်ဆောင်နေပြီး အမျိုးသားရေး ကိစ္စရပ်များတွင် အခြားသော နိုင်ငံရေး ပါတီများနှင့် ပူးပေါင်း မြှင့်တင်မှုများ ပြုလုပ်လျက် ရှိကြောင်း ကချင်နိုင်ငံရေး ပါတီများ ညှိနှိုင်းပူးပေါင်း ဆောင်ရွက်ရေး ကော်မတီ (KPCC) ထံမှ သိရသည်။ 

  • VIA