News

POST TYPE

POLITICAL

NLD အမတ်များ ဘဝမေ့နေကြဟု ဦးဝင်းထိန်ပြော
23-Sep-2017
ရန်ကုန်၊ စက်တင်ဘာ ၂၃

တိုင်းဒေသကြီး၊ ပြည်နယ်များရှိ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) ပါတီ လွှတ်တော်ကိုယ်စားလှယ်များသည် လွှတ်တော်ကိုယ်စားလှယ် တာဝန်ထမ်းဆောင်ပြီး တစ်နှစ်ခွဲကာလ၌ ဘဝမေ့နေကြောင်း ဦးဝင်းထိန်က ပြောကြားသည်။

ရန်ကုန်မြို့ NLD ရုံးချုပ်၌ ယနေ့ (စက်တင်ဘာလ ၂၃ ရက်) က ပြုလုပ်သည့် NLD ပါတီ ရန်ကုန်တိုင်း အလုပ်အမှုဆောင်အဖွဲ့၊ ပြည်သူ့လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်များနှင့် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့တို့ ဒုတိယအကြိမ် တွေ့ဆုံပွဲ၌ ဦးဝင်းထိန်က ယင်းသို့ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ကျွန်တော် တိုင်းဒေသကြီးနဲ့ ပြည်နယ်အားလုံးနီးပါးကို ရောက်ပြီးသွားပြီ။ အစိုးရအဖွဲ့တွေ လွှတ်တော်ကိုယ်စားလှယ်တွေ တွေ့တယ်။ နောက်ပြီး အခြား ပုဂ္ဂိုလ်တွေနဲ့တွေ့တယ်။ ဘာသွားသတိရလဲဆိုရင် တစ်နှစ်ခွဲကာလ အတွင်းမှာ ကျွန်တော်တို့ လွှတ်တော်ကိုယ်စားလှယ်တွေက ကိုယ်ဘဝကိုယ် မေ့နေကြပြီ။ သာမန်အဖွဲ့ချုပ်အဖွဲ့ဝင်ကနေ ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရတဲ့အခါ ဘဝမေ့နေကြပြီ” ဟု ဦးဝင်းထိန်က ယင်းတွေ့ဆုံပွဲ၌ ပြောဆိုခဲ့ခြင်းဖြစ်သည်။

NLD လွှတ်တော်ကိုယ်စားလှယ်များ အနေနှင့် မိမိ ဘာကြောင့် လွှတ်တော်ကိုယ်စားလှယ် ဖြစ်လာရခြင်းကို ပြန်လည်ဆန်းစစ်ရန် လိုအပ်ပြီး လွှတ်တော်ကိုယ်စားလှယ် အချို့သည် လွှတ်တော်ကိုယ်စားလှယ် တာဝန်ထမ်းဆောင်ရာတွင် တာဝန်ကျေခြင်း မရှိကြောင်း ဦးဝင်းထိန်က ပြောဆိုသည်။

လွှတ်တော်ကိုယ်စားလှယ် အချို့သည် မိမိကိုယ်ကျိုးစီးပွားအတွက် လုပ်ဆောင်ချက်များ ပေါ်ပေါက်လျက်ရှိပြီး အချို့သည် အဖွဲ့ချုပ်၏ ရည်မှန်းချက်များကို မျက်ကွယ်ပြု၍ ထင်ရာစိုင်းနေကြကြောင်း လွှတ်တော်ကိုယ်စားလှယ်အချို့ကို ဦးဝင်းထိန်က သတိပေးပြောဆိုမှုများ ပြုလုပ်ခဲ့သည်။

J-07