News

POST TYPE

POLITICAL

အောက်တိုဘာလအတွင်း ချက်သမ္မတနိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက် လည်ပတ်ဖွယ်ရှိဟု သတင်းထွက်
21-Sep-2017

ပရာဟား- ရန်ကန်၊ စက်တင်ဘာ ၂၁

မြန်မာနိုင်ငံ၏ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် လာမည့် အောက်တိုဘာလအတွင်း ဥရောပသမဂ္ဂ (အီးယူ)အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်သော ချက်သမ္မတနိုင်ငံသို့ သွားရောက် လည်ပတ်ဖွယ်ရှိသည်ဟု ချက်သတင်းဌာနတစ်ခုဖြစ်သော Aktualne ၏ ဖော်ပြချက်ကို Prague Monitor က ကိုးကားဖော်ပြသည်။ 

နိုဘယ်လ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်သည် ချက်နိုင်ငံသမ္မတ မီလော့စ်ဇာမန်း၊ ဝန်ကြီးချုပ် ဘိုဟူ ဆလာ့ဗ်ဆိုဘိုကာတို့နှင့် အောက်တိုဘာလ ခရီးစဉ်အတွင်း တွေ့ဆုံဖွယ်ရှိသည်ဟု သတင်းကဆိုသည်။ 

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် ချက်ဆီးနိတ် လွှတ်တော်ဥက္ကဋ္ဌ မီလန်စသိခ်ျတို့ အောက်တိုဘာလ ၁၁ ရက်နေ့တွင် တွေ့ဆုံနိုင်ရေးအတွက် စီစဉ်လျက်ရှိသည်ဟု ဆီးနိတ်ရုံးက ချက်သတင်းဌာန CTK  သို့ပြောကြားသည်။ 

ဒေါ်အောင်ဆန်းစုကြည်၏ ချက်သမ္မတ နိုင်ငံခရီးစဉ်အတွက် စီစဉ်ဆောင်ရွက်ခဲ့သည်မှာ ကြာမြင့်ခဲ့ပြီဖြစ်ကြောင်း CTK  သတင်းဌာန၏ သံတမန် သတင်းရင်းမြစ်များက ဆိုသည်။ သို့ရာတွင် မြန်မာတပ်မတော်၏ ဘင်္ဂါလီလူမျိုးများအပေါ် ထိတွေ့ဆက်ဆံမှုများနှင့်ပတ်သက်သည့် ဝေဖန်မှုများကြောင့် ယင်းခရီးစဉ်အတွက် ပြင်ဆင်ရာ၌ ရှုပ်ထွေးမှုများ ရှိခဲ့သည်ဟု ယင်းသတင်းရင်းမြစ်ကဆိုသည်။ 

ချက်သမ္မတ နိုင်ငံခြားရေးဝန်ကြီး လူဘိုမီယာဇိုရာလက်သည် ယမန်နှစ်က မြန်မာနိုင်ငံသို့ အလည်အပတ် ခရီးစဉ်လာ ရောက်ခဲ့စဉ်က ဒေါ်အောင်ဆန်းစုကြည်ကို ချက်နိုင်ငံသို့ လာရောက် လည်ပတ်ရန် ဖိတ်ကြားခဲ့သည်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း နိုင်ငံခြားရေးဝန်ကြီး လူဘိုမီယာ ဇိုရာလက်၏ ဖိတ်ကြားမှုကို လက်သင့်ခံခဲ့သည်။ 

ချက်ဝန်ကြီးချုပ်နှင့် ချက်နိုင်ငံခြားရေး ဝန်ကြီးဌာနတို့နှင့် နီးစပ်သော အသိုင်းအဝိုင်းက ချက်နိုင်ငံသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက် လည်ပတ်မည့်ကိစ္စကို ချက်အစိုးရက စီစဉ်နေပြီဖြစ်ကြောင်း CTK  သတင်းဌာနသို့ အတည်ပြု ပြောကြားသည်။ သို့သော် မည်သည့်နေ့ရက်တွင် လာရောက် လည်ပတ်မည်ကို အတိအကျ ထုတ်ဖော်ပြောဆိုမှု မပြုပေ။ 
ချက်သတင်းဌာန တစ်ခုဖြစ်သော Aktualne က ဒေါ်အောင်ဆန်းစုကြည်အနေနှင့် ဘင်္ဂါလီပြဿနာများကြောင့် ချက်နိုင်ငံသို့ လာရောက် လည်ပတ်မည့်ကိစ္စကို ဖျက်သိမ်းဖွယ်ရှိသည်ဟု ရေးသားဖော်ပြသည်။

F-01

  • VIA