News

POST TYPE

POLITICAL

ဒေါ်အောင်ဆန်းစုကြည် အာဆီယံ ထိပ်သီး အစည်းအဝေး တက်မည်
26-Aug-2016

ရန်ကုန်၊ သြဂုတ် ၂၆

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် စက်တင်ဘာလဆန်းတွင် လာအိုနိုင်ငံ၌ ကျင်းပမည့် အာဆီယံ ထိပ်သီး အစည်းအဝေးသို့ တက်ရောက်မည်ဖြစ်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးကျော်ဇေယျက The Voice သို့ ပြောဆိုသည်။

ဗီယန်ကျင်းမြို့တော်တွင် စက်တင်ဘာလ ၆ ရက်မှ ၈ ရက်နေ့အထိ ကျင်းပမည့်  ထိပ်သီး အစည်းအဝေးသို့ တက်ရောက်ပြီး  နောက်ပိုင်းတွင် အမေရိကန် ပြည်ထောင်စု နယူးယောက်မြို့တွင် ကျင်းပမည့် ကမ္ဘာ့ ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဖြစ်သည်။

နယူးယောက် ခရီးစဉ်နှင့် တစ်ပြိုင်နက် အမေရိကန် သမ္မတ အိုဘားမား၏ ဖိတ်ကြားမှုအရ ဝါရှင်တန်ဒီစီသို့ အစိုးရ အကြီးအကဲအဖြစ် အလည်အပတ် ခရီးဆက်မည် ဖြစ်သည်။ အဆိုပါ ခရီးစဉ်များနှင့်အတူ ဗြိတိန်နိုင်ငံသို့လည်း စက်တင်ဘာလအတွင်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်ရန်  စီစဉ်နေပြီး နယူးယောက် ခရီးစဉ်နှင့် တစ်ဆက်တည်း ဖြစ်နိုင်ကြောင်း နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောဆိုထားသည်။

အာဆီယံ ထိပ်သီး အစည်းအဝေးသို့ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မည် ဖြစ်သော်လည်း နိုင်ငံတော်သမ္မတ ဦးထင်ကျော် တက်ရောက်ရန် အစီအစဉ် ရှိ/ မရှိ မေးမြန်းချက်ကို သမ္မတရုံးက ပြန်လည် ဖြေကြားခြင်း မရှိပေ။

ကုလသမဂ္ဂ အထွေထွေ ညီလာခံကို နယူးယောက်မြို့တွင် စက်တင်ဘာလ ၁၃  ရက်နေ့၌ စတင် ကျင်းပမည်ဖြစ်သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်သည် အစိုးရတာဝန်များကို ထမ်းဆောင်သည့် အချိန်ကစ၍ လာအိုနိုင်ငံသို့ နှစ်ကြိမ်၊ ထိုင်းနိုင်ငံနှင့် တရုတ်ပြည်သူ့သမ္မတ နိုင်ငံတို့သို့ တစ်ကြိမ်စီ သွားရောက်ထားပြီး ဖြစ်သည်။

  • VIA