News

POST TYPE

POLITICAL

ရခိုင်အရေးအပါအဝင် နိုင်ငံတော်အခြေခံမူမိန့်ခွန်း ဒေါ်အောင်ဆန်းစုကြည် ပြောကြားမည်
13-Sep-2017

နေပြည်တော်၊ စက်တင်ဘာ ၁၃

လတ်တလောပြည်တွင်းရေး အခြေအနေများဖြစ်သော ရခိုင်ပြည်နယ်အရေး အပါအဝင် နိုင်ငံတော်အခြေခံမူမိန့်ခွန်းဖြစ်သော အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေး နိုင်ငံတော် အခြေခံမူမိန့်ခွန်းကို နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်း သာမက နိုင်ငံတကာမှသိရှိစေရန် အင်္ဂလိပ်ဘာသာဖြင့် ပြောကြားမည်ဖြစ်ကြောင်း သမ္မတရုံးညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ပြောကြားသည်။

ယနေ့ (စက်တင်ဘာ ၁၃ ရက်) ညနေပိုင်းက နေပြည်တော်ရှိ နိုင်ငံတော်သမ္မတ အိမ်တော်ဝင်းအတွင်းတွင် ၎င်းက မီဒီယာများကို ဖိတ်ကြား၍ အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။

နိုင်ငံတော်အတိုင်ပင်ခံအနေဖြင့် အမေရိကန်ပြည်ထောင်စု နယူးယောက်မြို့တွင် ပြုလုပ်မည့် ၇၂ ကြိမ်မြောက် ကုလသမဂ္ဂ အထွေထွေ ညီလာခံကိုတက်ရောက်၍ မိန့်ခွန်းပြောကြားရန် စီစဉ်ခဲ့သော်လည်း ပြည်တွင်းရေး အခြေအနေ ကိစ္စများကြောင့် ယင်းညီလာခံကို ဒုတိယသမ္မတ ဦးဟင်နရီဘန်ထီးယူက သွားရောက်ရန် စီစဉ်လိုက်ရကြောင်း ၎င်းက ရှင်းပြသည်။

ရခိုင်ပြည်နယ်ကို အကြမ်းဖက်သမားများက ဝင်ရောက် တိုက်ခိုက်မှုကြောင့် ဒေသခံတိုင်းရင်းသားများ အပါအဝင် မွတ်ဆလင်နှင့် ဟိန္ဒူဘာသာဝင်တို့ သေဆုံးခဲ့ရခြင်းကြောင့် ထွက်ပြေးနေရသူများကို နေရာ ၇ ခုပြုလုပ်၍စိစစ်ကာ လူသားချင်း စာနာထောက်ထားမှုများ ပြုလုပ်ရန်လိုအပ်နေခြင်း၊ ဆန္ဒပြမှု၊ ဆူပူမှုများ ရှိလာနိုင်သောကြောင့် စိုးရိမ်ရသည့် အခြေအနေကို ထိန်းချုပ်ရန်လိုခြင်း၊ မြို့ကြီးများတွင် အကြမ်းဖက်မည့်သတင်းများကြောင့် အထူးအလေးထား ဆောင်ရွက်ရန်လိုခြင်းနှင့် နိုင်ငံတော်သမ္မတ ဦးထင်ကျော်က ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ဆေးကုသမှု ပြုလုပ်နေရခြင်းကြောင့် နိုင်ငံတော် အတိုင်ပင်ခံအနေဖြင့် ကုလသမဂ္ဂအထွေထွေ ညီလာခံသို့ မတက်ရောက်နိုင်ခြင်းတို့ ဖြစ်ကြောင်း ဦးဇော်ဌေးက ထပ်လောင်းပြောသည်။

လက်ရှိအခြေအနေတွင် လူမျိုးရေးနှင့် ဘာသာရေးကို အစွဲပြုပြီး ပြသနာကို ရှာလာနိုင်သည့်အပြင် ဆူပူမှုအနည်းငယ်ဖြစ်ခဲ့သည့် တောင်တွင်းကြီးဖြစ်စဉ်မျိုးသည် စိုးရိမ်ရသည့် အခြေအနေဖြစ်ပြီး ထိန်းချုပ်မှု မပြုနိုင်ပါက နိုင်ငံအတွင်းနေရာ အနှံ့ကူးစက်သွားနိုင်ကြောင်း ၎င်းက သုံးသပ်သည်။

နိုင်ငံတော်အတိုင်ပင်ခံ မိန့်ခွန်းပြောကြားမည့် အခမ်းအနားသို့ ပြည်တွင်း သတင်းထောက်များကို ဖိတ်ကြားမည့်အပြင်၊ ပြည်ပ သတင်းထောက်များ၊ သံရုံးဆိုင်ရာ တာဝန်ရှိသူများ လာရောက်လိုပါက ဗီဇာအလွယ်တကူရရှိရန် အစိုးရက အကူညီပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ လက်ရှိ အခြေအနေများတွင် ဖိအားပေးသည့် အခြေအနေများ ရှိနေခြင်းကြောင့် ကမ္ဘာ့နိုင်ငံ အသီးသီးရှိ ခေါင်းဆောင်များကို နိုင်ငံတော် အတိုင်ပင်ခံအနေဖြင့် တယ်လီဖုန်းဖြင့်သော်လည်းကောင်း၊ စာဖြင့်သော်လည်းကောင်း စဉ်ဆက်မပြတ် ပြောကြားနေရကြောင်း သမ္မတရုံးညွန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက ထပ်လောင်း ပြောသည်။

သတင်းများအရ ရခိုင်ပြည်နယ်ကို အကြမ်းဖက်သမား စုစည်းရာနေရာဟု အကြမ်းဖက်သမားများက သတ်မှတ်ထားခဲ့ပြီး ကြိုတင်ပြင်ဆင်မှုများ လုပ်ထားခဲ့သော်လည်း ကွက်ပြည့်လုံခြုံရေးမရရှိခဲ့ကြောင်း၊ တပ်မတော်အနေဖြင့် မေယုတောင်ကြောပေါ် ရှင်းလင်းရေးလုပ်နေစဉ် မြေပြင် ရဲကင်းများကို ဝင်တိုက်ခဲ့ခြင်းဖြစ်ပြီး ကြိုတင်သတင်းများကြောင့် ရဲကင်းများ ကျဆုံးခြင်းမရှိခဲ့ခြင်း ဖြစ်ကြောင်း ၎င်းက ပြောသည်။

ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံကြား ခြံစည်းရိုးကာရန် လတ်တလော ၅ ဘီလီယံ ချပေးထားပြီ ဖြစ်ပြီး ၂၀၁၈ ခုနှစ် ဘတ်ဂျက်တွင်လည်း ထည့်သွင်း လျာထားလိုက်ပြီဖြစ်ကြောင်း၊ယင်းခြံစည်းရိုကို အဆင့်သုံးဆင့်ဖြင့် လုပ်ကိုင်သွားမည်ဖြစ်ပြီး ခြံစည်းရိုး ခိုင်မာရေး၊ အဆင့်မြှင့်တင်ရေး လုပ်ဆောင်ရန်နှင့် ကုန်ကျစရိတ်ကိုချပေးရန် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က လမ်းညွန် ပြောကြားထားကြောင်း ဦးဇော်ဌေးက ပြောကြားခဲ့သည်။

S-01


  • VIA