News

POST TYPE

POLITICAL

လူ့အခွင့်အရေးချိုးဖောက်မှုများ လက်နက်ကိုင်အဖွဲ့များ ကျူးလွန်နေဟု အစီရင်ခံစာထုတ်ပြန်
26-Aug-2016

ရန်ကုန်၊ သြဂုတ် ၂၅

မြန်မာနိုင်ငံတွင် လူ့အခွင့်အရေး ချိုးဖောက်မှုများကို မြန်မာ့တပ်မတော်နှင့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့များက အဓိက ကျူးလွန်နေကြောင်း လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (ND-Burma) က သတင်းထုတ်ပြန်လိုက်သည်။

လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (ND-Burma) သည် ၂၀၁၆ ခုနှစ်၏ ပထမခြောက်လအတွင်း ပဋိပက္ခများ ဖြစ်ပွားနေသည့် တိုင်းရင်းသားဒေသများတွင် ကောက်ယူခဲ့သော မှတ်တမ်းများကို အခြေခံ၍ သြဂုတ်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် သတင်း ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

၂၀၁၆ ခုနှစ်၏ ပထမနှစ်ဝက်အတွင်းမှာပင် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေး ချိုးဖောက်မှု ၉၈ မှုကို လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်မှ မှတ်တမ်းတင်နိုင်ခဲ့ခြင်းသည် ၂၀၁၅ တစ်နှစ်လုံးထက် ပိုမိုများပြားသည်ကို တွေ့ရကြောင်း ND-Burma ၏ ညှိနှိုင်းဆောင်ရွက်ရေးမှူး ကိုဟန်ကြီးက ပြောကြားသည်။

"ဒီခြောက်လအတွင်းမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေက အရင်နှစ်ကထက် ပိုမိုများပြားလာတယ်၊ အဓိက တိုင်းရင်းသား ဒေသတွေမှာ ညှဉ်းပန်းနှိပ်စက်မှုတွေ၊ သတ်ဖြတ်မှုတွေ အဖြစ်များတာ တွေ့ရတယ်၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေက ကျူးလွန်နေတာကို ထင်ဟပ်ဖော်ပြနေတယ်" ဟု ၎င်းက ရှင်းပြသည်။

လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်အနေနှင့် အစီရင်ခံစာ ထုတ်ပြန်နိုင်ရန်  မြန်မာနိုင်ငံအတွင်း စစ်ပွဲများ ဖြစ်ပွားနေသော ဒေသများနှင့် အခြားသော လူ့အခွင့်အရေး ချိုးဖောက်ခံမှုများကို မှတ်တမ်းတင်ကာ အစီရင်ခံစာ ရေးသားခဲ့ပြီး ယင်းအစီ ရင်ခံစာကို လွှတ်တော်နှင့် မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်သို့လည်း ပေးပို့သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ၂၀၁၆ ခုနှစ် ပထမ ခြောက်လအတွင်း သတ်ဖြတ်မှု ၁၅ မှုနှင့် ညှဉ်းပန်းနှိပ်စက်မှု ၄၀ ရှိပြီး နှိုင်းယှဉ်ချက်အရ ယခင်နှစ်ထက် ပိုများကြောင်း၊ ၂၀၁၅ ခုနှစ်အတွင်း သတ်ဖြတ်မှု ၁၁ မှုနှင့် ညှဉ်းပန်းနှိပ်စက်မှု ၂၆ မှု ရှိခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားသည်။

ထို့အပြင် လူ့အခွင့်အရေး မှတ်တမ်းကွန်ရက်၏ အစီရင်ခံစာတွင် ညှဉ်းပန်းနှိပ်စက်ခြင်းနှင့် အခြားရက်စက်၊ လူမဆန်၊ ဂုဏ်သိက္ခာနှင့် မလျော်ညီသည့် ဆက်ဆံ ပြစ်ဒဏ် ပေးခြင်းများအား ဆန့်ကျင်သည့် ကုလသမဂ္ဂ သဘောတူစာချုပ် (UNCAT) နှင့် နောက်ဆက်တွဲ လိုက်နာစောင့်ထိန်းအပ်သည့် လုပ်ထုံးလုပ်နည်း ကျင့်ဝတ် (OPCAT) တို့အား အစိုးရအနေနှင့် လက်မှတ်ရေးထိုးရန် တောင်းဆိုမှုများ ပါဝင်သည်။

ယင်း အစီရင်ခံစာတွင် အစိုးရသစ်၏ အပြုသဘောဆောင်သည့် ခြေလှမ်းများအဖြစ် လက်ရှိဖြစ်ပေါ်နေသည့် ပဋိပက္ခများကို ဖြေရှင်းရန်အတွက် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် စစ်တပ်ကိုယ်စားလှယ်များ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အရပ်ဘက် အဖွဲ့အစည်းများ ပါဝင်လာ စေရန် အစိုးရအား ND-Burma မှ တိုက်တွန်းထားသည်။

လူ့အခွင့်အရေး မှတ်တမ်းကွန်ရက် (ND-Burma) သည် ၂၀၁၄ ခုနှစ်တွင် စတင်ဖွဲ့စည်းခဲ့ပြီး တိုင်းရင်းသားများ၊ လူငယ်များ ပါဝင်ပြီး  မြန်မာနိုင်ငံအတွင်းရှိ လူ့အခွင့်အရေး ချိုးဖောက်မှုများကို ခြောက်လတစ်ကြိမ် မှတ်တမ်းကောက်ခံနေသော အဖွဲ့ဖြစ်ကြောင်း ယင်းကွန်ရက်ထံမှ သိရသည်။  

  • VIA