News

POST TYPE

POLITICAL

ARSA အကြမ်းဖက်အဖွဲ့က ရခိုင်ဒေသတွင် တစ်လခန့် အပစ်ရပ်မည်ဟု ကြေညာ တပ်မတော်က အကြမ်းဖက်အဖွဲ့ အပြီးတိုင် ရှင်းလင်းရေး ဆက်လုပ်မည်
11-Sep-2017

ရန်ကုန်၊ စက်တင်ဘာ ၁၀

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တောဒေသတွင် အကြမ်းဖက်တိုက်ခိုက်မှုများ လုပ်ဆောင်လျက်ရှိသော ARSA  အကြမ်းဖက်အဖွဲ့က တစ်လခန့် အပစ်ရပ်မည်ဟု စက်တင်ဘာလ ၉ ရက်နေ့က Twitter မှတစ်ဆင့် ထုတ်ပြန်ကြေညာလိုက်သည်။

သို့သော် တပ်မတော်အနေနှင့် ယင်းအကြမ်းဖက်အဖွဲ့ကို အပြီးတိုင်ရှင်းလင်းရေး ဆက်လုပ်သွားမည် ဖြစ်ကြောင်း အမှတ် (၁) နယ်ခြားစောင့် ရဲကွက်ကဲရေးမှူး ရဲမှူးချုပ် သူရစန်းလွင်က The Voice သို့ ပြောဆိုသည်။

“နယ်မြေရှင်းလင်းရေးတွေက ဆက်လက်လုပ်ဆောင်မှာပါ။ သူတို့က အကြမ်းဖက်အဖွဲ့ ဖြစ်တယ်။ အကြမ်းဖက်အဖွဲ့တွေကို ဆက်လက်ရှင်းလင်းနေတယ်။ သူတို့အဖွဲ့ကိုလည်း အပြီးတိုင် ရှင်းလင်းသွားမှာ ဖြစ်တယ်” ဟု ရဲမှူးချုပ် သူရစန်းလွင်က ပြောသည်။

လက်ရှိ ဖမ်းဆီးရမိသော အကြမ်းဖက်သမားများကို စစ်ဆေးရာတွင် အကြမ်းဖက်သမားများမှာ ကျေးရွာများအတွင်း၌ နေထိုင်သူများ ဖြစ်သည်ကို တွေ့ရကြောင်း ၎င်းက ရှင်းပြသည်။

“အကြမ်းဖက်အဖွဲ့က ဖမ်းမိထားသူတွေက ရွာသားတွေ ဖြစ်တယ်။ သူတို့ကိုယ်တိုင် အကြမ်းဖက်ကို ကျူးလွန်နေကြတာ” ဟု ရဲမှူးချုပ် သူရစန်းလွင်က ဆက်လက်ပြောသည်။

ARSA  အစွန်းရောက် အကြမ်းဖက်သမားများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များသည်  သြဂုတ်လ ၂၅ ရက်မှ ၃၁ ရက်အထိ ထိတွေ့တိုက်ပွဲ အကြိမ် ၉၀ ဖြစ်ပွားခဲ့ရာ တပ်မတော်မှ စစ်သည် ၂ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၁ ဦး၊ နိုင်ငံ့ဝန်ထမ်း ၂ ဦး စုစုပေါင်း ၁၅ ဦး အသက်စွန့်လွှတ်ခဲ့ရကြောင်းနှင့် တပ်မတော်မှ စစ်သည် ၅ ဦး၊ ရဲတပ်ဖွဲ့ဝင် ၁၀ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး စစ်သည် ၁ ဦး ပျောက်ဆုံးလျက်ရှိကြောင်း အစိုးရ၏ ထုတ်ပြန်ချက်များ အရသိရသည်။

အလားတူ သြဂုတ်လ ၂၅ ရက်မှ ၃၀ ရက်အထိ တပ်မတော်မှ နယ်မြေရှင်းလင်းမှု ပြုလုပ်ရာတွင် ARSA  အစွန်းရောက် ဘင်္ဂါလီ အကြမ်းဖက်သမားများထံမှ အလောင်း ၃၇၀၊ အရှင်ဖမ်းမိ ၉ ဦး၊ ပွိုင့် ၂၂ သေနတ် အပါအဝင် လက်နက်ငယ် ၈ လက်၊ ကျည်မျိုးစုံ ၇၉ တောင့်၊ မိုင်း ၂၃ လုံး၊ ဓား ၆၁ ချောင်း၊ ဂျင်ကလိ ၁၂၃ ချောင်း၊ ဆက်သွယ်ရေးစက် ၄ လုံး၊ လှံ ၁၅ ချောင်း၊ ယမ်းထုပ် ၂၇ ထုပ်နှင့် ဝါယာကြိုးခွေများ၊ ပြောက်ကျားယူနီဖောင်းများ၊ WFP တံဆိပ်ပါ စားသောက်ဖွယ်ရာများနှင့် ဆေးဝါးပစ္စည်းမျိုးစုံတို့ကို သိမ်းဆည်းရမိခဲ့ကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။  

J-07/ J-09