News

POST TYPE

POLITICAL

တိမ်းရှောင် မွတ်ဆလင်များ နေရပ်ပြန်ရန် ရဲနှင့် ရပ်မိရပ်ဖများ ပူးပေါင်းဆောင်ရွက်
07-Sep-2017
ရန်ကုန် ၊ စက်တင်ဘာ ၇

မောင်တောခရိုင်တွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကြောင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ဘင်္ဂါလီလူမျိုးများ ၎င်းတို့ရပ်ရွာတွင် အေးဆေးစွာ ပြန်လည် နေထိုင်နိုင်ရန် နယ်မြေ ရှင်းလင်းနေသည့် လုံခြုံရေး ရဲတပ်ဖွဲ့ဝင်များနှင့် အကြမ်းဖက်မှုကို မလိုလားသည့် ဘင်္ဂါလီ ရပ်မိရပ်ဖများက ပူးပေါင်း ဆောင်ရွက်နေသည်ဟု အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့မှူး ရဲမှူးချုပ် သူရစန်းလွင်က ပြောကြားသည်။

လုံခြုံရေး တပ်ဖွဲ့ဝင်များက မောင်တောဒေသတွင် နယ်မြေရှင်းလင်းမှုများကို အချို့သော မောင်တောဒေသရှိ ကျေးရွာများတွင် ဆောင်ရွက်ခဲ့ရာ ကျေးရွာအချို့တွင် ရပ်မိရပ်ဖများနှင့် ရွာသားများက ၎င်းတို့ရွာတွင် အကြမ်းဖက် အဖွဲ့အစည်းများ မရှိကြောင်းနှင့် ၎င်းတို့အနေနှင့်လည်း အကြမ်းဖက်မှုများကို လက်မခံဘဲ လုံခြုံရေး တပ်ဖွဲ့ဝင်များနှင့် လာရောက် ပူးပေါင်းမည်ဟု ပြောဆိုကြောင်း ၎င်းက ဆိုသည်။

“သူတို့တွေက ဟိုတစ်နေ့က ကျွန်တော်တို့ကို လာရောက်ဆက်သွယ်တယ်။ ရွာတွေမှာ အကြောင်းအမျိုးမျိုးကြောင့် ထွက်ပြေး တိမ်းရှောင်နေရတဲ့ မိန်းမတွေ၊ ကလေးတွေ၊ သက်ကြီးရွယ်အိုတွေ၊ ဖျားနာတဲ့သူတွေ ရှိတယ်။ အဲဒါတွေကို သူတို့ သွားရောက် ဆက်သွယ်ပြီးတော့ ဘင်္ဂါလီရွာတွေမှာ ပြန်လည် နေထိုင်နိုင်ဖို့ ကျွန်တော်တို့ ညှိနှိုင်းပြီးတော့ လုံခြုံရေး ဆောင်ရွက်ပေးနေပါတယ်”ဟု ၎င်းက ရှင်းပြပြောဆိုသည်။

ထို့ပြင် မောင်တောတောင်ပိုင်း အလယ်သံကျော်အနီးရှိ ဘင်္ဂါလီကျေးရွာရှိ ရပ်ဖိရပ်ဖများနှင့် မောင်တောရှိ ရပ်မိရပ်ဖများ တွေ့ဆုံပြီး နှာခေါင်းတိုချောင်းဘက်ရှိ ကြောက်ရွံ့မှုကြောင့် တိမ်းရှောင်နေရသူများကို တွေ့ဆုံကာ စိုးရိမ်ကြောက်လန့်မှုမရှိဘဲ ပြန်လည် နေထိုင်နိုင်ရန် လိုအပ်သည့် စောင့်ရှောက်မှုများ ပြုလုပ်ပေးခဲ့ပြီး လုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေး ဆောင်ရွက်ခဲ့ကြောင်း အမှတ် (၁) နယ်ခြားစောင့် ရဲကွပ်ကဲမှုအဖွဲ့ထံမှ သိရသည်။

အလားတူ စက်တင်ဘာ ၇ ရက်တွင်လည်း မောင်တောမြို့ မြောက်ပိုင်းရှိ ဘင်္ဂါလီ ကျေးရွာများတွင်လည်း ရပ်မိ ရပ်ဖများနှင့် လုံခြုံရေးတပ်ဖွဲ့ဝင်များက အကြမ်းဖက်မှုကို လက်မခံသည့်အဖွဲ့များနှင့် ပူးပေါင်းကာ ကျေးရွာများတွင် အေးဆေးစွာ နေထိုင်ရန်နှင့် လုံခြုံရေး တပ်ဖွဲ့ဝင်များက လုံခြုံရေးနှင့် ကာကွယ်စောင့်ရှောက်မှုများ ပြုလုပ်ပေးသွားမည်ကို လိုက်လံနှိုးဆော်ထားကြောင်း ရဲမှူးချုပ် သူရစန်းလွင်က ပြောကြားသည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းရှိ မောင်တော၊ ဘူးသီးတောင်နှင့် ရသေ့တောင် မြို့နယ်များက ရဲကင်းနှင့် ရဲစခန်းများကို ARSA အကြမ်းဖက်အဖွဲ့က တိုက်ခိုက်မှုကြောင့် မောင်တောအနီးရှိ ကျေးရွာများမှ ဒေသခံများ မောင်တောမြို့ပေါ်သို့ ထွက်ပြေးတိမ်းရှောင်နေရပြီး အချို့သည် ကျေးရွာများတွင် ပိတ်မိနေကြသူများလည်း ရှိသည်။

J-09



  • VIA