News

POST TYPE

POLITICAL

အကြမ်းဖက်မှုပပျောက်ရေး ပူးပေါင်း လုပ်ဆောင်ရမည်ဟု အိန္ဒိယဝန်ကြီးချုပ်ကို ဒေါ်အောင်ဆန်းစုကြည် ပြောကြား
06-Sep-2017

နေပြည်တော်၊ စက်တင်ဘာ ၆

ရခိုင်ပြည်နယ် မြောက်ပိုင်းတွင် အကြမ်းဖက်ခံရမှု အပါအဝင် အိမ်နီးချင်း နိုင်ငံများတွင်လည်း အကြမ်းဖက်မှု ပပျောက်စေရန် ပူးပေါင်း လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က အိန္ဒိယဝန်ကြီးချုပ် နာရင်ဒြာမိုဒီနှင့် တွေ့ဆုံစဉ် ပြောကြားလိုက်သည်။

မြန်မာနိုင်ငံသို့ ၃ ရက်ကြာ ခရီးစဉ်ဖြင့် ရောက်ရှိနေသော အိန္ဒိယဝန်ကြီးချုပ်နှင့် နိုင်ငံတော်သမ္မတ အိမ်တော်တွင် စက်တင်ဘာ ၆  ရက်က တွေ့ဆုံခဲ့ရာတွင် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်က အထက်ပါအတိုင်း ပြောကြားခဲ့ခြင်းဖြစ်သည်။

ရခိုင်ပြည်နယ် အကြမ်းဖက်ခံရမှုအပေါ် အိန္ဒိယအစိုးရအနေနှင့် မြန်မာအစိုးရအပေါ် ခိုင်မာစွာ ရပ်တည်ပေးနေသည့်အတွက် ကျေးဇူးတင်ရှိကြောင်း ဒေါ်အောင်ဆန်းစုကြည်က ထပ်လောင်း ပြောကြားသည်။

ယင်းအပြင် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအကြား ဆက်ဆံမှု တိုးမြှင့်ပြီး ပိုမို ပူးပေါင်းဆောင်ရွက်သွားရမည်ဖြစ်ပြီး မြန်မာအစိုးရ၏ ကြိုးစားလုပ်ဆောင်နေမှုကို ချီးကျူးလိုကြောင်း အိန္ဒိယဝန်ကြီးချုပ် မိုဒီက ဆိုသည်။

နှစ်နိုင်ငံကြား နယ်မြေလုံခြုံရေး ဦးတည်ချက် တူညီနေသည့်အတွက် နယ်စပ် တည်ငြိမ်အေးချမ်းရေးကို ပူးပေါင်း လုပ်ဆောင်သွားရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ ဝန်ကြီးချုပ်နှင့် နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့သည် နိုင်ငံတော်သမ္မတ အိမ်တော်တွင် ယနေ့ (စက်တင်ဘာ ၆ ရက်) နံနက် ၁၀ နာရီကျော်မှ ၁၂ နာရီ ခန့်အထိ ၂ နာရီ နီးပါးကြာ တွေ့ဆုံမှုတွင် ကာကွယ်ရေး၊ ပြည်ထဲရေး၊ ကျန်းမာရေးကိစ္စများ အပါအဝင် နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုးခဲ့သည်။                 

S-01


  • VIA