News

POST TYPE

POLITICAL

၂၁ ရာစု ပင်လုံညီလာခံ တက်မည်ဟု UNFC တရားဝင် သတင်းထုတ်ပြန်
25-Aug-2016

ရန်ကုန်၊ ဩဂုတ် ၂၅

ပြည်ထောင်စုငြိမ်းချမ်းရေး ညီလာခံ- ၂၁ ရာစု ပင်လုံညီလာခံကို တက်ရောက်သွားမည် ဖြစ်ကြောင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) က တရားဝင် သတင်းထုတ်ပြန်သည်။

UNFC အနေနှင့် ညီလာခံ တက်ရောက်ရန် သေချာမှု ရှိနေပြီဟု ပြောဆိုထားပြီး ယခုတရားဝင် သတင်းထုတ်ပြန်ချက်ကို ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

UNFC ၏ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အရေးပေါ်အစည်းအဝေးကို ဩဂုတ်လ ၂၄ ရက်မှ ၂၅ ရက်နေ့ထိ ထိုင်းနိုင်ငံ ချင်းမိုင်တွင်ပြုလုပ်၍ ယခုဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပြီးခဲ့သည့် ဩဂုတ်လ ၂၀ ရက်နေ့မှ စ၍ UNFC မှ ဖွဲ့စည်းထားသည့် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ ကိုယ်စားလှယ်အဖွဲ့ (DPN) ရန်ကုန်မြို့သို့ လာရောက်၍ အစိုးရ ကိုယ်စားလှယ်အဖွဲ့နှင့် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့သည်။

ယင်းနောက် နိုင်ငံရေး ဆွေးနွေးမှုဆိုင်ရာ မူဘောင်သုံးသပ်ခြင်းနှင့် ၂၁ရာစု ပင်လုံ ညီလာခံ ပူးတွဲကျင်းပရေး အစည်းအဝေးများတွင် DPN အနေနှင့် ပါဝင်ဆွေးနွေးခဲ့သည်။

ယင်းဆွေးနွေးမှုများအပေါ် အခြေခံ၍ ဖက်ဒရယ် ဒီမိုကရေစီနိုင်ငံ တည်ဆောက်ရေးအတွက် လိုအပ်သော နိုင်ငံရေးဆွေးနွေးပွဲ အဆင့်ဆင့်ကို တက်ရောက်နိုင်ရေးအတွက် ၂၁ ရာစု ပင်လုံညီလာခံကို UNFC အဖွဲ့ဝင်များ တက်ရောက်သွားမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်တွင် ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အနေနှင့် အပစ်ရပ်မထိုးထားသည့် ကချင်လွတ်လပ်ရေး တပ်မတော် (KIA)၊ မွန်ပြည်သစ်ပါတီ (NMSP) တို့ အပါအဝင် လက်နက်ကိုင်အဖွဲ့ ခုနှစ်ဖွဲ့ကို ကိုယ်စားပြု၍ ဆွေးနွေးနေသည်။