News

POST TYPE

POLITICAL

ကုလသမဂ္ဂ အထွေထွေ ညီလာခံ ဒေါ်အောင်ဆန်းစုကြည် တက် မတက်ကို အစိုးရအဖွဲ့ ဆုံးဖြတ်မည်
06-Sep-2017

နေပြည်တော်၊ စက်တင်ဘာ ၆

အမေရိကန် ပြည်ထောင်စုတွင် ကျင်းပမည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် တက် မတက်ကို အစိုးရအဖွဲ့က ဆုံးဖြတ်မည်ဟု အမျိုးသား လုံခြုံရေးအကြံပေးပုဂ္ဂိုလ် ဦးသောင်းထွန်းက ပြောကြားသည်။

နေပြည်တော်ရှိ နိုင်ငံတော်အတိုင်ပင်ခံရုံး ဝန်ကြီးဌာနတွင် စက်တင်ဘာ ၆ ရက်နေ့က ပြုလုပ်သော ရခိုင်ပြည်နယ်တွင် ဖြစ်ပွားသော အကြမ်းဖက်မှုများနှင့်ပတ်သက်၍ သတင်းစာ ရှင်းလင်းပွဲတွင် ကုလသမဂ္ဂ အထွေထွေ ညီလာခံသို နိုင်ငံတော်၏ အတိုင်ပင်ခံ တက်ရောက်ပြီး မိန့်ခွန်းပြောကြားရန် ရှိ မရှိ မေးမြန်းမှုကို ပြန်လည် ဖြေကြားခြင်းဖြစ်သည်။

မြန်မာနိုင်ငံအနေနှင့် နှစ်စဉ် ကျင်းပသည့် ကုလသမဂ္ဂ အထွေထွေ ညီလာခံများတွင် နိုင်ငံခေါင်းဆောင်များ တက်ရောက်မိန့်ခွန်း ပြောကြားမှုများရှိပြီး ယခင်နှစ်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် တက်ရောက်မိန့်ခွန်းပြောကြားမှုများ ရှိခဲ့ကြောင်းနှင့် ယခုနှစ်တွင် နိုင်ငံ့ခေါင်းဆောင်တစ်ဦး တက်မည်ဖြစ်ကြောင်း ၎င်းက ပြောကြားသည်။

ကုလသမဂ္ဂ အထွေထွေ ညီလာခံကို တက်ရောက်ရမည့်အချိန့်နှင့် နေ့ရက် သိရသည်နှင့်တစ်ပြိုင်နက် မည်သူ တက်ရောက်မည်ကို အစိုးရအဖွဲ့က တာဝန်ပေးမည်ဖြစ်ကြောင်းနှင့် နိုင်ငံတော် အတိုင်ပင်ခံ တက်မည် မတက်မည်ကို အစိုးရက ဆုံးဖြတ်မည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်း ပြောကြားသည်။

ပြည်ပ သတင်းမီဒီယာများတွင် ရခိုင်ပြည်နယ်တွင် အကြမ်းဖက်မှုများနှင့်ပတ်သက်၍ ဖော်ပြနေသော မမှန်သတင်းများကို ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် ဒေါ်အောင်ဆန်းစုကြည် အနေနှင့် ချေဖျက်နိုင်ပြီး သွားမတက်လျှင် အကြမ်းဖက်သမားများဖြန့်သည့် မမှန်သတင်းများကို ကမ္ဘာက အမှန်ထင်သွားနိုင်ကြောင်း ရသေ့တောင်မြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်စောဝေက သုံးသပ်သည်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် အာဏာရလာပြီးနောက်၂၀၁၆ ခုနှစ် ကုလသမဂ္ဂ အထွေထွေ ညီလာခံတွင် မြန်မာ အစိုးရခေါင်းဆောင်အနေနှင့် ဒေါ်အောင်ဆန်းစုကြည် ပထမအကြိမ် တက်ရောက်ပြီး မိန့်ခွန်း ပြောကြားခဲ့သည်။


  • VIA