News

POST TYPE

POLITICAL

ရခိုင်ပြည်နယ် အရေးကိစ္စ ကာ/လုံ ခေါ်ခြင်း မခေါ်ခြင်းသည် အစိုးရပေါ်၌မူတည်ကြောင်း တပ်မတော် ပြောကြား
29-Aug-2017
 
ရန်ကုန်၊ ဩဂုတ် ၂၉

ရခိုင်ပြည်နယ် အရေးကိစ္စအပေါ် အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေး မခေါ်ခြင်းသည် အစိုးရပေါ်၌သာ မူတည်ကြောင်း ဗိုလ်ချုပ်အောင်ရဲဝင်း (ပြည်သူ့ဆက်ဆံရေးနှင့် စိတ်ဓာတ်စစ်ဆင်ရေး ညွှန်ကြားရေးမှူး)က ပြောကြားသည်။

လက်ရှိ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများဖြစ်သော ဘူးသီးတောင်၊ မောင်တောဒေသများ၌ ဘင်္ဂါလီ အကြမ်းဖက် ဖြစ်စဉ်များအပေါ် တပ်မတော်၏ ဆောင်ရွက်နေသော ကိစ္စရပ်များကို မြန်မာနိုင်ငံရှိ စစ်သံမှူးများ၊ သတင်းမီဒီယာများနှင့် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ တွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုခဲ့သည်။

“ကာ/လုံကို ခေါ်ခြင်း မခေါ်ခြင်းက အစိုးရ၌သာ သက်ဆိုင်ပါတယ်။ တပ်မတော်အနေနှင့် ဒါနဲ့ပတ်သက်ပြီး လက်ရှိဖြစ်နေတဲ့အနေအထား၊ ဖြစ်သင့်တဲ့ အနေအထား၊ ဖြစ်ချင်တဲ့ အနေအထားတွေကို တင်ပြပြီးဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်အောင်ရဲဝင်းက ပြောသည်။

ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၂၀၁ ၌  အမျိုးသား လုံခြုံရေးနှင့် ကာကွယ်ရေး ကောင်စီကို နိုင်ငံတော် သမ္မတ၊ ဒုသမ္မတ (၁)၊ ဒုသမ္မတ (၂)၊ ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော် ဥက္ကဋ္ဌ၊ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီး၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန ဝန်ကြီး ၁၁ ဦးဖြင့် ဖွဲ့စည်းထားသည်။

အဆိုပါ ကာ/လုံ ၁၁ ယောက်၌ တပ်မတော်မှ ၆ ယောက်၊ အရပ်ဘက်မှ ၅ ယောက် ဖြစ်နေခြင်းကြောင့် အစည်းအဝေးနှင့် သက်ဆိုင်သည့် ကိစ္စရပ်များကို ဆွေးနွေးသည့်အခါ ဆုံးဖြတ်ချက်တိုင်းသည် သမ္မတ၏ ဆုံးဖြတ်ချက်သာဖြစ်ကြောင်း ဩဂုတ်လ ၂၉ ရက် တပ်မတော်၏ သတင်းစာ ရှင်းလင်းပွဲ၌ တပ်မတော် အကြီးအကဲများက ထိုသို့ ပြောဆိုလိုက်သည်။

“ပြီးခဲ့တဲ့ အစိုးရလက်ထက်မှာ ကာ/လုံ အစည်းအဝေးကို ခေါ်ခဲ့ပါတယ်။ ခေါ်တဲ့အခါမှာလည်း ကျွန်တော်တို့က ဖြစ်တည်တဲ့အနေအထား၊ ဖြစ်သင့်တဲ့ အနေအထား၊ ဖြစ်ချင်တဲ့ အနေအထား ဒီသုံးခုသာ ဆွေးနွေးပါတယ်။ ဆုံးဖြတ်ချက်ချရမှာက သမ္မတက ဖြစ်ပါတယ်။ သာမန်အားဖြင့် ကျွန်တော်တို့ ဖြစ်နေတဲ့ အနေအထားက လူမှုကွန်ရက်မှာရော၊ ပုံနှိပ်မီဒီယာမှာကော ကျွန်တော်တို့အပေါ် မြင်နေတဲ့ သဘောထားက ကာ/လုံရဲ့ သဘောတရားက တပ်မတော်က ခြောက်မဲပါတယ်။ အရပ်ဘက်မှာက ငါးမဲပါတယ်။ ကာ/လုံမှာ ခေါ်ပြီးတော့ ဆုံးဖြတ်မယ်ဆိုရင်တော့ တပ်မတော်က လုပ်ချင်တာ လုပ်မယ်ဆိုပြီး မြင်နေတာတွေ အများကြီး ရှိပါတယ်။ ကျွန်တော်တို့ တင်ပြခဲ့သလိုပါပဲ။ ဘယ်လိုပဲ ဆွေးနွေး ဆွေးနွေး နောက်ဆုံး အဆုံးအဖြတ်က သမ္မတကြီးရဲ့ အဆုံးအဖြတ်သာ ဖြစ်ပါတယ်”ဟု ဗိုလ်ချုပ်အောင်ရဲဝင်းက ဆက်လက်ပြောသည်။

ဩဂုတ် ၂၄ ရက်က ကျင်းပသော ပြည်သူ့လွှတ်တော်တွင် ရခိုင်ပြည်နယ် ရသေ့တောင် မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ တင်သွင်းထားသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသကို ပိုမိုကောင်းမွန်သည် အုပ်ချုပ်ရေး၊ လုံခြုံရေး အစီအမံများ ချမှတ်၍ အမြန်ဆုံး အကောင်အထည်ဖော် ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ပျော်ဘွယ်မဲဆန္ဒနယ်မှ ဦးသောင်းအေးက  “ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးလာနိုင်တဲ့ကိစ္စမျိုးဟာ အစိုးရ၊ လွှတ်တော်ဥက္ကဋ္ဌများနဲ့ တပ်မတော် အကြီးအကဲတွေ ပါဝင်တဲ့ ကာ/လုံ ခေါ်တဲ့ အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီဟာ မဖြစ်မနေ တွေ့ဆုံ၊ ညှိနှိုင်း အဖြေရှာဖို့ လိုအပ်နေပါတယ်”ဟု ဦးသောင်းအေးက ပြောဆိုခဲ့သော်လည်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ဆွေးနွေးချက်သည် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေနှင့် ညီညွတ်မှု မရှိသောကြောင့် ဆွေးနွေးချက်ကို လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ကြောင်း ဆုံးဖြတ်ကြေညာခဲ့သည်။

J-07


  • VIA