News

POST TYPE

POLITICAL

ဘူးသီးတောင်၊ မောင်တောဒေသ အုပ်ချုပ်ရေးစနစ်ပျက်ယွင်း
29-Aug-2017

ရန်ကုန်၊ သြဂုတ် ၂၉

ရခိုင်ပြည်နယ် ဘူးသီးတောင်၊ မောင်တောဒေသ၌ အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် ဖြစ်စဉ်ကြောင့် အုပ်ချုပ်ရေးစနစ် ပျက်ယွင်းလျက်ရှိကြောင်း စစ်ဘက်ရေးရာနှင့် လုံခြုံရေး ဒုတိယအရာရှိချုပ် ဗိုလ်ချုပ်သန်းထွဋ်သိန်းက ပြောကြားသည်။

အစွန်းရောက် ဘင်္ဂါလီအကြမ်းဖက် ဖြစ်စဉ်များအပေါ် တပ်မတော်၏ ဆောင်ရွက်နေသော ကိစ္စရပ်များကို မြန်မာနိုင်ငံရှိ စစ်သံမှူးများ၊ သတင်းမီဒီယာများနှင့် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၌ သြဂုတ်လ ၂၉ ရက်ကတွေ့ဆုံစဉ် အထက်ပါအတိုင်း ပြောဆိုခဲ့သည်။

အစွန်းရောက် အကြမ်းဖက်မှုများအပေါ် လုံခြုံရေးတပ်ဖွဲ့အနေနှင့် အတတ်နိုင်ဆုံး အင်ပြည့်အားပြည့် ကြိုးပမ်းဆောင်ရွက်နေသည်ဟုလည်း ၎င်းက ပြောကြားသည်။

“လက်ရှိ အခြေအနေမှာ ဘူးသီးတောင်၊ မောင်တောဒေသသည် ကျေးရွာအုပ်ချုပ်မှုနှင့် မြို့နယ် ခရိုင်ဆက်စပ်သည့် အုပ်ချုပ်မှု ယန္တရားမှာလည်း ပျက်ပြားနေလျက်ရှိပါတယ်”ဟု ဗိုလ်ချုပ်သန်းထွဋ်သိန်းက ပြောကြားသည်။

ထိုကဲ့သို့ အုပ်ချုပ်မှု ယန္တရား ပျက်ပြားခြင်းကြောင့် ကျန်းမာရေး၊ ပညာရေးဝန်ထမ်းများနှင့် အခြားလူမှုရေး အသင်းအဖွဲ့များမှာလည်း လုံခြုံရေး အခြေအနေကြောင့် လုံခြုံမှု ရှိသည့်နေရာသို့ စွန့်ခွာထွက်ပြေးနေရကြောင်း တပ်မတော်က ဆိုသည်။

“အဲ့ဒီ့ဒေသက နှစ်ဖက် အဖွဲ့အစည်းများကြားမှာ မယုံကြည်မှု ကြောက်ရွံ့မှု မုန်းတီးမှုများ အမြင့်မားဆုံး အခြေအနေကို ရောက်နေတဲ့အတွက်ကြောင့် တပ်မတော်သားများ အပါအဝင် လုံခြုံရေး တပ်ဖွဲ့ဝင်များက နယ်မြေဒေသ တည်ငြိမ်အေးချမ်းရေးကို ကြိုးပမ်းလျက်ရှိပါတယ်”ဟု ဗိုလ်ချုပ်သန်းထွဋ်သိန်းက ဆက်လက်ပြောသည်။

အလားတူ တပ်မတော်အနေဖြင့် လွှတ်တော်၊ အစိုးရအဖွဲ့အစည်းများ၌ ရခိုင်ပြည်နယ် အရေးကိစ္စနှင့်ပတ်သက်၍ သုံးသပ်တင်ပြမှုများ ရှိခဲ့သော်လည်း အစိုးရအနေဖြင့် အကောင်ထည်ဖော် ဆောင်ရွက်ခဲ့ခြင်း မရှိကြောင်း ၎င်းကဆိုသည်။

ထို့အတူ လက်ရှိ အကြမ်းဖက်မှုဖြစ်စဉ် ထပ်မံ ပေါ်ပေါက်ချိန်မှသာ အစိုးရက အချက်အလက်အချို့ကို ထုတ်ပြန်ပေးခဲ့ကြောင်း ဗိုလ်ချုပ်သန်းထွဋ်သိန်း သတင်းစာရှင်းလင်းပွဲ၌ ထုတ်ဖော် ပြောဆိုခဲ့သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်း၌ ဖြစ်ပေါ်လျက်ရှိသော ဘင်္ဂါလီအကြမ်းဖက်အဖွဲ့များကို မြန်မာနိုင်ငံနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း တပ်မတော် ခေါင်းဆောင်များက ထည့်သွင်း ပြောဆိုသည်။

J-07


  • VIA