News

POST TYPE

POLITICAL

တရားဝင်ဖိတ်ပါက ပင်လုံတက်မည်ဟု မြောက်ပိုင်းအဖွဲ့များ အသိပေး
26-Aug-2017

ရန်ကုန်၊ ဩဂုတ် ၂၆

အစိုးရက တရားဝင် ဖိတ်ကြားပါက ထပ်မံကျင်းပမည့် ၂၁ ရာစု ပင်လုံညီလာခံကို  တက်ရောက်သွားမည်ဖြစ်ကြောင်း မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့က အသိပေး ထုတ်ပြန်ခဲ့သည်။

မြောက်ပိုင်းလက်နက်ကိုင်များက ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိုနှိုင်းရေး ကော်မတီ (FPNCC) ၏ ပထမအကြိမ် အမြဲတမ်း ကော်မတီ အစည်းအဝေးကို ပြီးခဲ့သည့် ဩဂုတ်လ ၁၈ ရက်နေ့မှ ၂၄ ရက်နေ့ထိ “ဝ”ဒေသ ပန်ခမ်းတွင် ပြုလုပ်ခဲ့ပြီး အဆိုပါ အစည်းအဝေး အပြီးတွင် ထုတ်ပြန်ခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် အစိုးရအနေနှင့် FPNCC နှင့် ငြိမ်းချမ်းရေးဆိုင်ရာ လုပ်ငန်းများကို ဆွေးနွေးနိုင်ရေးအတွက် အစိုးရကိုယ်စားပြု ကိုယ်စားလှယ်များ ဖွဲ့စည်းပေးရန် လိုအပ်မည်ဖြစ်ကြောင်း အသိပေးကြေညာချက်တွင် ထည့်သွင်း ဖော်ပြထားသည်

အဆိုပါ အစည်းအဝေးတွင် မြောက်ပိုင်းအဖွဲ့၏ FPNCC ကော်မတီ ၏ ဥက္ကဌ - ၂ အဖြစ် KIO ဒုတိယဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လကို ခန့်အပ်နိုင်ခဲ့ပြီး ကော်မတီ၏ နိုင်ငံရေး လုပ်ငန်း အရပ်ရပ်ကို အကောင်အထည်ဖော် ဆောင်ရွက်ရန် ဌာနများ အဖွဲ့ဝင်များနှင့် တာဝန်များ မူဝါဒများကို ချမှတ်နိုင်ခဲ့ကြောင်း ယင်းအစည်းအဝေးမှ သိရသည်။ 

နိုင်ငံတော် အတိုင်ပင်ခံနှင့် မြောက်ပိုင်းအဖွဲ့များ တွေ့ဆုံစဉ်က အစိုးရ ကိုယ်စားပြု ကိုယ်စားလှယ်အဖွဲ့များ ဖွဲ့ပေးမည်ဟု ပြောကြားထားသည့်အတွက် ယင်းကိစ္စရပ်ကို ထည့်သွင်း တောင်းဆိုထားခြင်းဖြစ်ကြောင်း တအောင်း/ပလောင် လက်နက်ကိုင်အဖွဲ့ (TNLA) က နိုင်ငံခြားရေးရာ ဌာနမှူး ဗိုလ်မှူးတာပန်လက ပြောကြားသည်။

“အဖွဲ့တစ်ခု ဖွဲ့ပေးမယ်။ အဲဒီအဖွဲ့နဲ့  စကားပြောပါလို့ ပြောထားတာ ရှိတယ်။ အခုထိတော့ ကျွန်တော်တို့ မတွေ့ရသေးဘူးပေါ့”ဟု ၎င်းကဆိုသည်။

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့တို့သည် ပြီးခဲ့သည့် ဒုတိယအကြိမ် ၂၁ ရာစု ပင်လုံညီလာခံတွင် ကျင်းပစဉ်က နေပြည်တော်တွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။

ထို့ပြင် မြောက်ပိုင်းအဖွဲ့၏ ထုတ်ပြန်ချက်တွင် မြန်မာ့ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် တရုတ်နိုင်ငံက ပိုမိုပါဝင် ဆောင်ရွက်ပေးသွားရန်လည်း တောင်းဆိုထား သည်။

မြောက်ပိုင်းအဖွဲ့၏ ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေး ကော်မတီ KIO ကို ကချင်လွတ်လပ်ရေးအဖွဲ့ (KIO)၊ ရခိုင်လက်နက်ကိုင်အဖွဲ့ (AA)၊ “ဝ”ပြည် သွေးစည်းညီညွတ်ရေးပါတီ UWSP၊ တအောင်း/ပလောင်အဖွဲ့ (TNLA) ၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP) အစရှိတဲ့ NCA လက်မှတ်မထိုးရသေးသည့် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခုနစ်ဖွဲ့ဖြင့် ဖွဲ့စည်းထားခြင်းဖြစ်သည်။    

J-08

  • VIA