News

POST TYPE

POLITICAL

ရခိုင်ပြည်နယ် အရေးအတွက် ကာ/လုံခေါ်ရန် ကြံ့ခိုင်ရေးပါတီဝင် တင်ပြချက် လွှတ်တော်ဥက္ကဋ္ဌ ပယ်ဖျက်
24-Aug-2017
နေပြည်တော်၊ ဩဂုတ် ၂၄

ရခိုင်ပြည်နယ်တွင်ဖြစ်ပွားနေသော အကြမ်းဖက်မှု ဖြစ်စဉ်များကြောင့် ယင်းပဋိပက္ခအပေါ် အမျိုးသားလုံခြုံရေးနှင့် လုံခြုံရေးကောင်စီ အစည်းအဝေးကို ခေါ်ယူကျင်းပသင့်ကြောင်း ပျော်ဘွယ် မဲဆန္ဒနယ်မှ ဦးသောင်းအေးက ပြောကြားခြင်းကို ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌက လွှတ်တော်မှတ်တမ်းမှ ပယ်ဖျက်ကြောင်း ဆုံးဖြတ်ကြေညာခဲ့သည်။

ဩဂုတ် ၂၄ ရက်နေ့က ကျင်းပသော ပြည်သူ့လွှတ်တော်တွင် ရခိုင်ပြည်နယ် ရသေ့တောင်မဲဆန္ဒနယ်မှ ဒေါ်ခင်စောဝေ တင်သွင်းထားသည့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသကို ပိုမိုကောင်းမွန်သည် အုပ်ချုပ်ရေး၊ လုံခြုံရေး အစီအမံများ ချမှတ်၍ အမြန်ဆုံး အကောင်အထည် ဖော်ဆောင်ရွက်ရန် ပြည်ထောင်စုအစိုးရအား တိုက်တွန်းကြောင်းအဆိုကို ဦးသောင်းအေးက ထောက်ခံဆွေးနွေးစဉ် ပြောကြားခဲ့ခြင်းဖြစ်ပြီး ဥက္ကဋ္ဌက အထက်ပါအတိုင်း ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

“ကိုယ့်နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ထိပါးလာနိုင်တဲ့ ကိစ္စမျိုးဟာ အစိုးရ၊ လွှတ်တော်ဥက္ကဋ္ဌများနဲ့ တပ်မတော် အကြီးအကဲတွေ ပါဝင်တဲ့ ကာ/လုံ ခေါ်တဲ့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီဟာ မဖြစ်မနေ တွေ့ဆုံ၊ ညှိနှိုင်းအဖြေရှာဖို့ လိုအပ်နေပါတယ်”ဟု ဦးသောင်းအေးက ပြောကြားခဲ့ခြင်းဖြစ်ပြီး ယင်းပြောဆို ဆွေးနွေးချက်သည် ပြည်သူ့လွှတ်တော်ဆိုင်ရာ နည်းဥပဒေနှင့် ညီညွတ်မှု မရှိသောကြောင့် ဆွေးနွေးချက်ကို ပြန်လည် ရုပ်သိမ်းရန် ပြည်သူ့လွှတ် တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က ပြောဆိုခဲ့ခြင်း ဖြစ်သည်။

“ဦးသောင်းအေး ဆွေးနွေးတဲ့အထဲမှာ နောက်ဆုံး ကိုယ်နဲ့မဆိုင်တဲ့ကိစ္စကို ပြန်ပြီးတော့ ရုပ်သိမ်းပေးပါ။ ပြန်ပြီး ပယ်ဖျက်ပေးပါ။ ဒါက အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ ခေါ်တာ သမ္မတရဲ့ လုပ်ပိုင်ခွင့်၊ လွှတ်တော်လုပ်ပိုင်ခွင့် မဟုတ်ဘူး”ဟု ဦးဝင်းမြင့်က ဆိုသည်။ 

ဦးသောင်းအေး၏ပြောကြားချက်ကို ကာယကံရှင် ကိုယ်တိုင် ပယ်ဖျက်ရန် လွှတ်တော်ဥက္ကဋ္ဌက ပြောကြားခဲ့သော်လည်း ဦးသောင်းအေးက ပယ်ဖျက်ရန် ငြင်းပယ်ခဲ့သောကြောင့် လွှတ်တော်ဥက္ကဋ္ဌ ဦးဝင်းမြင့်က “ကျွန်တော်ပြောမယ်။ နည်းဥပဒေနဲ့ မညီဘူး။ ရုပ်မလား၊ မရုပ်ဘူးလား ဒါပဲ။ မရုပ်နိုင်ရင် ကျွန်တော်တို့ ဒီဟာကို လွှတ်တော်မှတ်တမ်းကနေ ပယ်ဖျက်ပေးပါ။ လွှတ်တော်က ဆုံးဖြတ်တယ်”ဟု ပြောကြားကာ ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။

အခြေခံဥပဒေအရ ကိုယ်စားလှယ်တစ်ဦး၏အမြင်ကို လွတ်လပ်စွာ ပြောဆိုတင်ပြခဲ့ခြင်းဖြစ်ပြီး ဥက္ကဋ္ဌအနေနှင့်လည်း ၎င်း၏လုပ်ပိုင်ခွင့်အရ လုပ်ဆောင်ခြင်းဖြစ်သည်ဟု ထင်မြင်ကြောင်း ဦးသောင်းအေးက မီဒီယာများကို မှတ်ချက်ပေးသည်။

အမျိုးသား ကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီကို သမ္မတ၊ ဒုသမ္မတ (၂)ဦး ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ၊ အမျိုးသားလွှတ်တော်ဥက္ကဋ္ဌ၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်၊ ဒုတိယတပ်မတော် ကာကွယ်ရေးဦးစီးချုပ်၊ ကာကွယ်ရေးဝန်ကြီး၊ နိုင်ငံခြားရေး ဝန်ကြီး၊ ပြည်ထဲရေး ဝန်ကြီးနှင့် နယ်စပ်ရေးရာ ဝန်ကြီးတို့ဖြင့် ကျင်းပရန် ၂၀ဝ၈ အခြေခံဥပဒေတွင် ပြဋ္ဌာန်းထားပြီး လက်ရှိအစိုးရ လက်ထက်တွင် ယင်းအစည်းအဝေး ကျင်းပသည်ဟု တရားဝင် ထုတ်ပြန်ထားခြင်း မရှိပေ။

ဦးသိန်းစိန် ဦးဆောင်ခဲ့သော ပြီးခဲ့သည့် အစိုးရငါးနှစ်သက်တမ်းတွင် တစ်ပတ်လျှင် သုံးကြိမ်ခန့်အထိ ယင်းအစည်းအဝေးကို ကျင်းပခဲ့ကြောင်း ဦးသောင်းအေးက ဆိုသည်။

နိုင်ငံတော်သမ္မတသည် “နိုင်ငံတော်အား ကျူးကျော် တိုက်ခိုက်ခြင်း ခံရလျှင် ဖွဲ့စည်းပုံအခြေခံ ဥပဒေနှင့်အညီ ဖွဲ့စည်းထားသော အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီနှင့် ညှိနှိုင်းလျက် စစ်ရေးအရ လိုအပ်သလို ဆောင်ရွက်ပိုင်ခွင့် ရှိသည်”ဟု အခြေခံဥပဒေ ပုဒ်မ ၂၁၃ (က) တွင် ပြဋ္ဌာန်းထားသည်။

S-01


  • VIA