News

POST TYPE

POLITICAL

ကိုဖီအာနန် ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို သမ္မတထံပေးအပ်
23-Aug-2017

ရန်ကုန်၊ ဩဂုတ် ၂၃

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန် ခေါင်းဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ အပြီးသတ် အစီရင်ခံစာကို ဩဂုတ်လ ၂၃ ရက်တွင် ယင်းကော်မရှင်အဖွဲ့ဝင်များက နိုင်ငံတော်သမ္မတ ဦးထင်ကျော်ထံ ပေးအပ်ခဲ့သည်။

နိုင်ငံတော်သမ္မတ ဦးထင်ကျော်သည် ဩဂုတ်လ ၂၃ ရက် နံနက်ပိုင်းတွင် နေပြည်တော်ရှိ သမ္မတအိမ်တော် သံတမန်ဆောင် ဧည့်ခန်းမတွင် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ဒေါက်တာကိုဖီအာနန် ဦးဆောင်သည့် ကော်မရှင်အဖွဲ့ဝင်များနှင့် တွေ့ဆုံခဲ့ခြင်းဖြစ်သည်။

ယင်းသို့တွေ့ဆုံစဉ် သမ္မတဦးထင်ကျော်က ယခုအစီရင်ခံစာသည် ရခိုင်ပြည်နယ်ဆိုင်ရာ လုပ်ငန်းစဉ်များအတွက် အထောက်အပံ့ဖြစ်မည်ဟု ယုံကြည်ပြီး ရခိုင့်အရေးနှင့်ပတ်သက်၍ နိုင်ငံတကာနှင့် ပြည်တွင်းမှ မိမိတို့နိုင်ငံ တွေ့ကြုံရင်ဆိုင်နေရသော စိန်ခေါ်မှုများနှင့် ပကတိ အခြေအနေမှန်ကို ကောင်းစွာ နားလည်ပြီး ဝိုင်းဝန်းကူညီ ပံ့ပိုးပေးစေလိုကြောင်း ပြောကြားခဲ့သည်ဟု နိုင်ငံတော် သမ္မတရုံး သတင်းထုတ်ပြန်ချက်အရ သိရသည်။

ယခုအစီရင်ခံစာသည် အကြံပေး ကော်မရှင်အဖွဲ့၏ အပြီးသတ် အစီရင်ခံစာဖြစ်ပြီး ရခိုင်ပြည်နယ်အတွင်း နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု တိုးတက်ရရှိရေး၊ လူမှုစီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရေး အစီအမံများ၊ ပညာရေးကဏ္ဍ၌ အဆင့်မြှင့်တင်ခြင်းများ၊ တရားဥပဒေ စိုးမိုးရေးနှင့် နယ်မြေလုံခြုံရေး အစီအမံများ၊ မူးယစ်ဆေးဝါး ပြဿနာများ၊ သတင်းမီဒီယာ ရယူခွင့်ဆိုင်ရာ ကိစ္စရပ်များ ပါဝင်ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။

ယနေ့ တွေ့ဆုံပွဲသို့ အစိုးရဘက်မှ သမ္မတ ဦးထင်ကျော် အပါအဝင် ပြည်ထောင်စုဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကျော်ဆွေ၊ ဒုတိယဗိုလ်ချုပ်ကြီး ရဲအောင်၊ ဦးကျော်တင့်ဆွေ၊ ဦးသိန်းဆွေနှင့် ဒေါက်တာဝင်းမြတ်အေး၊ အမြဲတမ်း အတွင်းဝန် ဦးကျော်ဇေယျနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သမ္မတရုံးက သတင်းထုတ်ပြန်ထားသည်။

ကော်မရှင်အဖွဲ့ဝင်များက ရခိုင်ပြည်နယ် အရေးနှင့်ပတ်သတ်သည့် အစိုးရအဖွဲ့ထံ တင်ပြခဲ့သည့် အကြံပြုချက်များကို ဩဂုတ်လ ၂၄ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့တော်ရှိ ဆူးလေရှန်ဂရီလာ ဟိုတယ်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်သည်။

ရခိုင်ပြည်နယ်တွင်း လူမှုဘဝ တိုးတက်ကောင်းမွန်လာစေရန် အကြံပြုချက်များ အဆိုပြုနိုင်ရန်အတွက် အစိုးရက ပြည်တွင်းပညာရှင် ၆ ဦး၊ နိုင်ငံတကာပညာရှင် ၃ ဦးဖြင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန်ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ရခိုင်ပြည်နယ် အကြံပေးကော်မရှင်အဖွဲ့ကို ၂၀၁၆ ခုနှစ် ဩဂုတ်လတွင် ဖွဲ့စည်းပေးခဲ့သည်။

ကော်မရှင်အနေဖြင့် ပြီးခဲ့သည့် ၂၀၁၇ ဖေဖော်ဝါရီလက ကြားဖြတ် အစီရင်ခံစာ တစ်စောင်ကို အစိုးရအဖွဲ့သို့ တင်သွင်းခဲ့ပြီး ယခုအစီရင်ခံစာသည် ကော်မရှင်အဖွဲ့၏ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပြုချက်များ၏ အပြီးသတ် အစီရင်ခံစာလည်း ဖြစ်သည်။

J-09


  • VIA