News

POST TYPE

POLITICAL

ရခိုင်လက်နက်ကိုင် နှစ်ဖွဲ့ တိုက်ပွဲဖြစ်၊ ALP ဌာနခွဲတစ်ခုကျ
23-Aug-2017
ရန်ကုန်၊ ဩဂုတ် ၂၃

ရခိုင်ပြည်လွတ်မြောက်ရေး ပါတီ(ALP) လက်နက်ကိုင်အဖွဲ့ ဌာနချုပ်ကို ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) က ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး ALP ဌာနခွဲတစ်ခု ကျသွားကြောင်း အဆိုပါ လက်နက်ကိုင် အဖွဲ့များထံမှ သိရသည်။

AA ဘက်မှ ALP ဌာနချုပ်ကို ဩဂုတ်လ ၂၂ ရက် မွန်းလွဲပိုင်းတွင် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ALP ဘက်မှ တပ်ဖွဲ့ဝင် တစ်ဦးကျဆုံးကာ ခြောက်ဦးခန့် ဒဏ်ရာ ပြင်းထန်ခဲ့ကြောင်း၊ လေးဦးခန့် ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေကြောင်း ALP အဖွဲ့ တွဲဖက်အထွေထွေအတွင်းရေးမှူး ခိုင်အောင်စိုးသန်းက The Voice သို့ ပြောကြားသည်။

အဆိုပါ တိုက်ပွဲဖြစ်ပွားမှုသည် ဩဂုတ်လ ၂၂ ရက်မှ လက်ရှိ ဩဂုတ်လ ၂၃ ရက် မွန်းလွဲပိုင်းအထိ ပြင်းထန်နေပြီး AA အဖွဲ့က လက်နက်ကြီးများဖြင့် ဆက်တိုက် ပစ်ခတ်နေကြောင်း ၎င်းက ပြောကြားသည်။

“လက်ရှိအချိန်ထိကို လက်နက်ကြီးတွေနဲ့ ဆက်တိုက် ပစ်ခတ်နေတာ နယ်မြေပြဿနာလို့ပဲ ထင်တယ်။ ဒီ ပလက်ဝ နယ်မြေက ကျဉ်းကျဉ်းလေးမှာ သူတို့ကော ရှိတယ်။ ကျွန်တော်တို့လည်း ရှိတယ်”ဟု ၎င်းက ဆိုသည်။

အဆိုပါ ကိစ္စနှင့်ပတ်သတ်၍ ရခိုင့်လက်နက်ကိုင်အဖွဲ့ (AA) ထံ ဆက်သွယ် မေးမြန်းရန် ကြိုးစားခဲ့သော်လည်း အဆက်အသွယ် မရရှိခဲ့ပေ။

လက်ရှိတွင် ရခိုင်လွတ်မြောက်ရေးပါတီ (ALP) ဌာနချုပ် ကျသွားပြီဆိုသည့် သတင်းများလည်း အင်တာနက် စာမျက်များတွင် ထွက်ပေါ်လျက် ရှိနေသည်။

ALP အတွင်းရေးမှူး ဒေါ်စောမြရာဇာလင်းကမူ ALP ဌာနချုပ်ရှိ ဌာနခွဲတစ်ခုက တပ်ဆုတ်ပေးလိုက်ခြင်းဖြစ်ပြီး လက်ရှိ တိုက်ပွဲဖြစ်ပွားမှုသည် အဆိုးဝါးဆုံး တိုက်ပွဲတစ်ခုဟု ဆိုနိုင်ကြောင်း ပြောကြားသည်။

“ပဋိပက္ခတွေက နှစ်ဖက်လုံး ရှိနေတာတော့ ကြာနေပြီ။ ဒီနယ်မြေမှာက ကျွန်မတို့လည်း နှစ်ပေါင်း များစွာနေလာတာ။ ပြဿနာတွေကို မဖြေရှင်းဘဲ ဌာနချုပ်ကို လာတိုက်တာတော့ လုံးဝ မဖြစ်သင့်ဘူး။ သမိုင်းမှာ မဖြစ်သင့် မဖြစ်ထိုက်တာ ဖြစ်သွားတယ်လို့တော့ ပြောချင်တယ်”ဟု ဒေါ်စောမြရာဇာလင်းက ပြောဆိုသည်။

ရခိုင်ပြည် လွတ်မြောက်ရေးပါတီ (ALP) နှင့် ရခိုင်လက်နက်ကိုင်အဖွဲ့ (AA) တို့သည် ပြီးခဲ့သည့် ၂၀၁၆ ဇွန်လပိုင်းတွင်လည်း ထိတွေ့တိုက်ပွဲ ဖြစ်ပွားခဲ့ဖူးပြီး ALP တပ်ဖွဲ့ဝင် တစ်ဦးကို AA က ဖမ်းဆီးခေါ်ဆောင်ခဲ့ကာ နောက်ပိုင်းတွင်မှ ပြန်လွှတ်ပေးခဲ့သည်။

ALP သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် (NCA) ကို လက်မှတ်ရေးထိုးထားသည့် လက်နက်ကိုင်အဖွဲ့ဖြစ်ပြီး AA အဖွဲ့ကမူ လက်မှတ်ရေးထိုးရခြင်း မရှိသေးဘဲ မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့များနှင့် ပူးပေါင်းထားသည့် အဖွဲ့လည်းဖြစ်သည်။

J-08


  • VIA