News

POST TYPE

POLITICAL

အစိုးရနှင့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်အဖွဲ့ ယနေ့တွေ့မည်
22-Aug-2017
ရန်ကုန်၊ ဩဂုတ် ၂၂

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ဥက္ကဋ္ဌ ကိုဖီအာနန်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ်နှင့်ပတ်သက်သည့် အပြီးသတ် အကြံပေးချက်များ ပါဝင်မည့် အစီရင်ခံစာကို ထုတ်ပြန်နိုင်ရန် အစိုးရအဖွဲ့ဝင်များနှင့် ယနေ့ တွေ့ဆုံမည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ထံမှ သိရသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ဥက္ကဋ္ဌ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဩဂုတ်လ ၂၂ ရက် မွန်းလွဲ ၃ နာရီခန့် Bangkok Airways ဖြင့် ရန်ကုန်မြို့သို့ ရောက်ရှိလာသည်။

ကိုဖီအာနန်နှင့် အဖွဲ့ဝင်များသည် ယနေ့ ဩဂုတ်လ ၂၃ ရက်တွင် နေပြည်တော်သို့ သွားရောက်ပြီး နိုင်ငံတော်သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်တို့နှင့် တွေ့ဆုံမည်ဖြစ်ကြောင်း ယင်းကော်မရှင် အဖွဲ့ဝင် ဒေါ်စောခင်တင့်က ပြောသည်။

“မနက်ဖြန်ကျရင် အန်တီတို့ တစ်ဖွဲ့လုံး နေပြည်တော်သွားမှာပါ။ အရင်တစ်ခါတုန်းကလို တွေ့သင့်တွေ့ထိုက်သူ အကုန်လုံးနဲ့ တွေ့မှာပါ”ဟု ၎င်းကပြောသည်။

ကော်မရှင်အနေနှင့် ယခုတစ်ခေါက် အစိုးရအဖွဲ့နှင့် တွေ့ဆုံခြင်းသည် ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာနှင့် အကြံပြုချက်များကို အစိုးရတာဝန်ရှိသူများထံ  တင်ပြရန်ဖြစ်ကြောင်း ၎င်းကဆိုသည်။

ကော်မရှင်အဖွဲ့ဝင်များက ရခိုင်ပြည်နယ်အရေးနှင့် ပတ်သက်သည့် အစိုးရအဖွဲ့ထံ တင်ပြထားသော အကြံပြုချက်များကို လာမည့်ဩဂုတ်လ ၂၄ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့တော်ရှိ ဆူးလေ ရှန်ဂရီလာဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ထားသည်။

ကော်မရှင်အနေနှင့် ရခိုင်ပြည်နယ်နှင့် ပတ်သက်ပြီး မြန်မာအစိုးရအနေနှင့် ချက်ချင်း အရေးယူနိုင်မည့် အကြံပြုချက်များနှင့် ရေရှည် လုပ်ဆောင်သွားရမည့် ကိစ္စရပ်များ၊ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ကိစ္စရပ်များနှင့် သက်ဆိုင်သော အကြံပြုချက်များ ပါဝင်မည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင်များထံမှ သိရသည်။

ထို့ပြင် ၎င်းတို့၏ အကြံပြုချက်များတွင် ပဋိပက္ခ ကာကွယ်တားဆီးခြင်း၊ လူသားချင်းစာနာ ထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်း၊ လူ့အဖွဲ့အစည်းကြား ပြန်လည်သင့်မြတ်ရေးအတွက် ဆောင်ရွက်ခြင်းစသည့် ကော်မရှင်၏ လုပ်ပိုင်ခွင့် ဘောင်အတွင်း အကျုံးဝင်သော အကြောင်းအရာများနှင့် ပတ်သက်သည့် အကြံပြုချက်များ ပါဝင်မည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ထံမှ သိရသည်။

ရခိုင်ပြည်နယ်တွင် လူမှုဘဝ တိုးတက် ကောင်းမွန်လာစေရန် အကြံပြုချက်များ အဆိုပြုနိုင်ရန်အတွက် အစိုးရက ပြည်တွင်းပညာရှင် ၆ ဦး၊ နိုင်ငံတကာ ပညာရှင် ၃ ဦးဖြင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်အဖွဲ့ကို ၂၀၁၆ ခုနှစ် ဩဂုတ်လတွင် ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။

J-09


  • VIA