News

POST TYPE

POLITICAL

မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့ ကော်မတီကို ဦးပေါက်ယူချန်းနှင့် ဗိုလ်ချုပ်ကြီးအင်ဘန်လ ဦးဆောင်မည်
21-Aug-2017

ရန်ကုန်၊ ဩဂုတ် ၂၁

“ဝ”ဒေသ ပန်ဆန်း၌ ကျင်းပနေသည့် အစည်းအဝေးတွင် မြောက်ပိုင်းလက်နက်ကိုင် ခုနစ်ဖွဲ့နှင့် ဖွဲ့စည်းထားသည့် ပြည်ထောင်စု နိုင်ငံရေး ဆွေးနွေးညှိနှိုင်းမှု ကော်မတီ (FCNPP)ကို ဦးပေါက်ယူချန်းနှင့် ဗိုလ်ချုပ်ကြီး အင်ဘန်လတို့ ဦးဆောင်သွားရန် ဆုံးဖြတ်ခဲ့ကြောင်း အဆိုပါ အစည်းအဝေးမှ သိရသည်။

“ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA) ဥက္ကဋ္ဌ ဦးပေါက်ယူချန်းနှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIO) ဒုဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လတို့ ကော်မတီ၏ ဥက္ကဋ္ဌနှစ်ဦးအဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ အစည်းအဝေးတွင် ပါဝင်သည့် လက်နက်ကိုင် ကိုယ်စားလှယ်တစ်ဦးက အတည်ပြု ပြောဆိုသည်။

“အပေါ်ပိုင်းက ပေါ်လစီပိုင်းကို အဓိက ချသွားမယ့်နေရာပေါ့။ ကျန်တဲ့ လက်နက်ကိုင်အဖွဲ့တွေကတော့ သူတို့ ဦးဆောင်မှုနဲ့ ပူးပေါင်းသွားမှာပေါ့”ဟု အဆိုပါ ကိုယ်စားလှယ်က ပြောဆိုသည်။

“ဝ”ပြည်သွေးစည်းညီညွတ်ရေးပါတီ (UWSA)၊ ကချင်လက်နက်ကိုင်အဖွဲ့ (KIO)၊ မိုင်းလား လက်နက်ကိုင်အဖွဲ့ (NMDAA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) နှင့် မြောက်ပိုင်း မဟာမိတ်သုံးဖွဲ့ (AA, MNDAA, TNLA) စသည့် လက်နက်ကိုင် ခုနစ်ဖွဲ့ပါဝင်သည့် FCNPP ကို ပြီးခဲ့သည့် ၂၁ ရာစု ပင်လုံညီလာခံ မတိုင်ခင်က ဖွဲ့စည်းထားခဲ့ခြင်းဖြစ်သည်။

အဆိုပါ ကော်မတီဝင်များသည် ၂၁ ရာစု ပင်လုံညီလာခံသို့ တရုတ်နိုင်ငံ၏ ကြားဝင်မှုကြောင့် အထူး ဖိတ်ကြားခံရသူများအဖြစ် တက်ရောက်ခဲ့ပြီး ယင်းနောက်ပိုင်းတွင် အစိုးရအနေနှင့် ကော်မတီကို တရားဝင် ဆွေးနွေးညှိုနှိုင်းခြင်း ပြုလုပ်ရခြင်း မရှိသေးပေ။

လက်ရှိတွင် FCNPP ကော်မတီဝင် ဖြစ်သည့် ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP/SSA) အဖွဲ့သည် ယင်းအဖွဲ့၏ မူလ မဟာမိတ်အဖွဲ့ဖြစ်သည့် ညီညွတ်သော တိုင်းရင်းသား လူမျိုးများ ဖက်ဒရယ်ကောင်စီ (UNFC) အဖွဲ့ထံမှ နုတ်ထွက်စာ တင်ထားသည်။

J-08

  • VIA