News

POST TYPE

POLITICAL

ကိုဖီအာနန်ကော်မရှင် အစိုးရအဖွဲ့ထံ တင်ပြမည့်အကြုံပြုချက်များကို သတင်းစာ ရှင်းလင်းပွဲပြုလုပ်မည်
19-Aug-2017 tagged as ရခိုင်အရေး


ရန်ကုန်၊ ဩဂုတ် ၁၉

ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာ ကိုဖီအာနန်ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်၏ အစိုးရအဖွဲ့ထံ တင်ပြမည့် အကြံပြုချက်များကို လာမည့်ဩဂုတ်လ ၂၄ ရက်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်မည်ဖြစ်ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။

ကော်မရှင်အဖွဲ့ဝင်များ အနေနှင့် သတင်းစာ ရှင်းလင်းပွဲ မတိုင်ခင် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့် တွေ့ဆုံကာ ၎င်းတို့၏ အကြံပြုချက်များကို တင်ပြသွားရန်ရှိပြီး ရက်အတိအကျကို မသိရသေးကြောင်း ယင်းကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က ပြောဆိုသည်။

ကော်မရှင်၏ အကြံပြုချက်များတွင် မြန်မာအစိုးရအနေနှင့် ချက်ချင်း အရေးယူနိုင်မည့် အကြံပြုချက်များနှင့် ရေရှည် လုပ်ဆောင်သွားရမည့် ကိစ္စရပ်များ၊ ဖွဲ့စည်းတည်ဆောက်ပုံဆိုင်ရာ ကိစ္စရပ်များနှင့် သက်ဆိုင်သော အကြံပြုချက်များ ပါဝင်မည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ဝင်များထံမှ သိရသည်။

ကော်မရှင်အဖွဲ့ဝင်များက ရခိုင်ပြည်နယ် အရေးနှင့်ပတ်သတ်သည့် အစိုးရအဖွဲ့ထံ တင်ပြခဲ့သည့် အကြံပြုချက်များကို လာမည့်ဩဂုတ်လ ၂၄ ရက် ညနေ ၄ နာရီတွင် ရန်ကုန်မြို့တော်ရှိ ဆူးလေ ရှန်ဂရီ လာဟိုတယ်တွင် သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်သွားမည်ဖြစ်ကြောင်း ကော်မရှင် အဖွဲ့ဝင်များထံမှ သိရသည်။

“ကျွန်တော်တို့က အစိုးရအဖွဲ့ကို အစီရင်ခံစာ မတင်ပါဘူး။ အကြံဉာဏ်ပေးတာပါပဲ။ အကြံဉာဏ်ပေးပြီးရင် နောက်တစ်ရက်ကို သတင်းစာ ရှင်းလင်းပွဲ လုပ်ပေးမှာပါ”ဟု ကိုဖီအာနန် ကော်မရှင်အဖွဲ့ဝင် ဦးအေးလွင်က ပြောကြားသည်။

ကော်မရှင်အနေနှင့် ရခိုင်ပြည်နယ်နှင့် ပတ်သက်သည့် အကြံပြုချက်များကို အရပ်သားအစိုးရ တာဝန်ရှိသူများကို သာမက တပ်မတော် ကာကွယ်ရေးဦးစီးချုပ်နှင့် တွေ့ဆုံကာ အကြံပေး ဆွေးနွေးမှုများလည်း ပြုလုပ်သွားရန် ရှိကြောင်း ၎င်းက ဆိုသည်။

၎င်းတို့၏ အကြံပြုချက်များတွင် ပဋိပက္ခ ကာကွယ်တားဆီးခြင်း၊ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီများ ပေးအပ်ခြင်း၊ လူ့အဖွဲ့အစည်းကြား ပြန်လည် သင့်မြတ်ရေးအတွက် ဆောင်ရွက်ခြင်းစသည့် ကော်မရှင်၏ လုပ်ပိုင်ခွင့်ဘောင်အတွင်း အကျုံးဝင်သော အကြောင်းအရာများနှင့် ပတ်သတ်သည့် အကြံပြုချက်များ ပါဝင်မည်ဖြစ်ကြောင်း ကော်မရှင်အဖွဲ့ထံမှ သိရသည်။

ရခိုင်ပြည်နယ်တွင် လူမှုဘဝ တိုးတက် ကောင်းမွန်လာစေရန် အကြံပြုချက်များ အဆိုပြနိုင်ရန်အတွင် အစိုးရက ပြည်တွင်း ပညာရှင် ၆ ဦး၊ နိုင်ငံတကာ ပညာရှင် ၃ ဦးဖြင့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း ကိုဖီအာနန် ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် ရခိုင်ပြည်နယ် အကြံပေး ကော်မရှင်အဖွဲ့ကို ၂၀၁၆ ခုနှစ် ဩဂုတ်လတွင် ဖွဲ့စည်းပေးခဲ့ခြင်း ဖြစ်သည်။

J-09