News

POST TYPE

POLITICAL

ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲငယ်များအတွက် ချီးမြှင့်ငွေနှင့် စရိတ်သတ်မှတ်ချက် ပြန်လည်သုံးသပ်ရန် လွှတ်တော်တင်
23-Aug-2016 tagged as ရွေးကောက်ပွဲ

နေပြည်တော်၊ သြဂုတ် ၂၃

နိုင်ငံ့ဝန်ထမ်းမဟုတ်သည့် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ဝင် အဆင့်ဆင့်အတွက် သတ်မှတ်ထားသည့် လစဉ်ချီးမြှင့်ငွေနှင့် စရိတ်တို့ကို  ပြန်လည် သုံးသပ်ပေးရန် မန္တလေးတိုင်း၊ အောင်မြေသာစံ မဲဆန္ဒနယ်မှ ဒေါက်တာလှမိုးက သြဂုတ် ၂၂ ရက်က ကျင်းပသည့် ပြည်သူ့လွှတ်တော် အစည်းအဝေးသို့ အဆို တင်သွင်းလိုက်ကြောင်း လွှတ်တော်ကိုယ်စားလှယ်များက ပြောကြားသည်။

၂ဝ၁၅ ခုနှစ်တွင် သမ္မတဟောင်း ဦးသိန်းစိန် လက်မှတ်ရေးထိုး ပြဋ္ဌာန်းခဲ့သော ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်ဥပဒေကို ပြင်ဆင်သည့် ဥပဒေကြမ်းတွင် နိုင်ငံ့ဝန်ထမ်း မဟုတ်သည့် အဆင့်ဆင့်သော ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲဝင်များအတွက် လစဉ် ချီးမြှင့်ငွေနှင့် စရိတ် ခံစားခွင့်အား အချိန်ကာလ သတ်မှတ်ချက် မပါဝင်ခြင်း၊ အဆင့်ဆင့်သော ကော်မရှင်အဖွဲ့ ခွဲဝင်ဖွဲ့စည်းရာတွင် လူဦးရေ သတ်မှတ်ချက် အတိအကျ မရှိခြင်းတို့ကြောင့် ကျခံ သုံးစွဲနေရသည့် ငွေပမာဏမှာ အလွန် များပြားလျက် ရှိသည်ဟု ဒေါက်တာလှမိုးက ဆိုသည်။

ပြီးခဲ့သည့် အထွေထွေ ရွေးကောက်ပွဲများတွင် တိုင်း၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်တွင် ဥက္ကဋ္ဌ အပါအဝင် စုစုပေါင်း အဖွဲ့ဝင် ခြောက်ဦး၊ ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲ ကော်မရှင်တွင် ဥက္ကဋ္ဌ အပါအဝင် စုစုပေါင်း အဖွဲ့ဝင် ၁၁ ဦးဖြင့် ဖွဲ့စည်းထားခဲ့ခြင်း ဖြစ်သည်။ 

အစိုးရက ထုတ်ပြန်ထားသည့် အမိန့်ကြေညာစာအရ နိုင်ငံ့ဝန်ထမ်း မဟုတ်သည့် အဆင့်ဆင့်သော ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲဝင်များအတွက် လစဉ် ချီးမြှင့်ငွေ သတ်မှတ်ချက်တွင် တိုင်း၊ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌက လစဉ်ချီးမြှင့်ငွေ ကျပ် ၃၄ဝ,ဝဝဝ၊ အဖွဲ့ဝင်များက ၃၁ဝ,ဝဝဝ၊ ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ တိုင်းဒေသကြီးနှင့် ခရိုင် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲဥက္ကဋ္ဌများအတွက် လစဉ်ချီးမြှင့်ငွေ ကျပ် ၃၁ဝ,ဝဝဝ၊ အဖွဲ့ဝင်များက ၂၈ဝ,ဝဝဝ၊ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ ခွဲဥက္ကဋ္ဌက လစဉ်ချီးမြှင့်ငွေ ကျပ် ၂၈ဝ,ဝဝဝ၊ အဖွဲ့ဝင်များက ၂၅ဝ,ဝဝဝ နှင့်  ရပ်ကွက်/ ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ ခွဲဥက္ကဋ္ဌက လစဉ်ချီးမြှင့်ငွေ ကျပ် ၉ဝ,ဝဝဝ၊ အဖွဲ့ဝင်များက ကျပ် ၇ဝ,ဝဝဝ အဖြစ် အသီးသီး သတ်မှတ်ထားသည်။

ဒေါက်တာလှမိုး တင်သွင်းသည့်အဆိုကို လက်ခံ ဆွေးနွေးရန်၊ ကိုယ်စားလှယ်များက ဆက်လက် ဆွေးနွေးရန် သဘောတူသည့်အတွက် ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ ဦးဝင်းမြင့်က ကြေညာခဲ့သည်။