News

POST TYPE

POLITICAL

မူးယစ်ဆေးစွဲသူများကို ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ်သာချရန် အမျိုးသားလွှတ်တော် အတည်ပြု
17-Aug-2017 tagged as မူးယစ်ဆေးဝါး

နေပြည်တော်၊ သြဂုတ် ၁၆

မူးယစ်ဆေးဝါး သုံးစွဲသူများကို ထောင်ဒဏ်အစား လူမှုရေးပြစ်ဒဏ်သာ ကျခံစေရန် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပြင်ဆင်ချက်ကို  အမျိုးသားလွှတ်တော်က အတည်ပြုလိုက်သည်။

ယနေ့ကျင်းပသော လွှတ်တော်တွင် ပြင်ဆင်ချက်များဖြင့် တစ်ပိုဒ်ချင်းစီ အတည်ပြုလိုက်ခြင်း ဖြစ်သည်။

အတည်ပြုလိုက်သော ယင်းဥပဒေအရ မူးယစ်ဆေးဝါး သုံးစွဲသူများသည် ထောင်ဒဏ်ကျခံရတော့မည် မဟုတ်ဘဲ လူမှုရေးပြစ်ဒဏ်သာ ကျခံစေရန် ပြည်ထဲရေး ဝန်ကြီးဌာန အနေနှင့် ကိုင်တွယ်ကျင့်သုံးသွားမည် ဖြစ်ကြောင်း ပြည်ထဲရေး ဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုးက မီဒီယာများကို ပြောသည်။

“ဒီဥပဒေအပေါ်မှာ ပြင်ဆင်သင့်တဲ့ အချက်တွေကို ပညာရှင်တွေ၊ ကိုယ်စားလှယ်တွေ ဘက်ပေါင်းစုံကနေ ဝိုင်းဝန်းစဉ်းစား ဆုံးဖြတ်ထားတာ ဖြစ်တဲ့အတွက် အသင့်လျော်ဆုံး ဥပဒေ ဖြစ်တယ်လို့ပဲ ပြောရမှာ ဖြစ်ပါတယ်။ ပြဋ္ဌာန်းချက်တွေအပေါ် တိုင်းမှာတော့ အားသာချက်တွေ ရှိသလို အားနည်းချက်တွေလည်း ရှိနိုင်ပါတယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါ ဥပဒေကို ပြည်ထောင်စုလွှတ်တော်မှတစ်ဆင့် နိုင်ငံတော်သမ္မတ လက်မှတ်ရေးထိုးမှု မရှိသေးခင်ကာလအတွင်း (အသက်မဝင်သေးခင် ကာလ) မူးယစ်ဆေးစွဲ ဖြစ်စဉ်ပြစ်မှုများကို မူလအတိုင်း အရေးယူ ဆောင်ရွက်နေရဦးမည် ဖြစ်ကြောင်း၊ လက်မှတ်ထိုး အတည်ပြုပြီး ကာလတွင် ထပ်ခါထပ်ခါ ကျူးလွန်သူများ ရှိပါက မည်သို့ ဆက်လက်လုပ်ဆောင်ရမည်ကို နည်းဥပဒေတွင် ထည့်သွင်းရေးဆွဲသွားမည် ဖြစ်ကြောင်း ဗိုလ်ချုပ်အောင်စိုးက ရှင်းပြသည်။

“ဒါတွေနဲ့ ပတ်သက်လို့လည်း နည်းဥပဒေတွေ ရေးဆွဲတဲ့ အခါကျရင်တော့ ဒီအပေါ်မှာ အခြေခံပြီး ပေါ်ပေါက်လာချက်တွေ ရှိမှာပါ။ ဒါတွေက ဆက်ပြီးဆွေးနွေးရမယ့် အချက်တွေအများကြီး ကျန်ပါသေးတယ်” ဟု ၎င်းက ပြောသည်။

ယင်းဥပဒေ အသက်ဝင်ပြီ ဆိုပါက မူးယစ်ဆေးဝါး သုံးစွဲသူများကို လူမှုရေး အကျိုးပြုလုပ်ငန်း ဖြစ်သော စိုက်ပျိုးရေး၊ သန့်ရှင်းရေးလုပ်ငန်း၊ လမ်းတံတားတွေ ပြုပြင်ရေးနှင့် လူမှုရေးအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်စေမည် ဖြစ်ကြောင်း၊ အကျိုးပြုလုပ်ငန်းများ လုပ်ဆောင်နေချိန်တွင် ခွဲခြားဆက်ဆံသော သဘောမသက်ရောက်စေရန်နှင့် သတ်မှတ်ထားသော ဝတ်စုံကို ဝတ်ဆင်ပြီး တစ်ရက်လျှင် ၂ နာရီနှုန်းဖြင့် အနည်းဆုံး နာရီ ၁၈၀ မှ အများဆုံး နာရီ ၂၄၀ အထိ အခမဲ့ လုပ်ကိုင်ရမည်ဖြစ်ကြောင်း ဥပဒေတွင် ပါရှိသည်။

အမျိုးသားလွှတ်တော်မှ ယနေ့ အတည်ပြုထားသော ယင်းဥပဒေကြမ်းကို ပြည်သူ့လွှတ်တော်သို့ ပေးပို့၍ ဆက်လက်အတည်ပြုနိုင်ရေး လုပ်ဆောင်ရဦးမည် ဖြစ်သည်။           

S-01