News

POST TYPE

POLITICAL

ကိုဖီအာနန်ကော်မရှင်၏ ရခိုင်အရေး နောက်ဆုံး အကြံပြုချက် အစီရင်ခံစာ အစိုးရနှင့် တပ်မတော်ထံ ပေးပို့မည်
16-Aug-2017
ရန်ကုန်၊ ဩဂုတ် ၁၆

ကိုဖီအာနန် ဦးဆောင်သည့် ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်၏ နောက်ဆုံး အကြံပြုချက် အစီရင်ခံစာကို လာမည့် ဩဂုတ်လ နောက်ဆုံးအပတ်တွင် အစိုးရနှင့် တပ်မတော်ထံ ကောင်မရှင် အဖွဲ့ခေါင်းဆောင် ကိုဖီအာနန်ကိုယ်တိုင် တွေ့ဆုံ၍ ပေးပို့သွားမည်ဖြစ်ကြောင်း ယင်းကော်မရှင်ထံမှ သိရသည်။

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင်ခေါင်းဆောင် ကိုဖီအာနန်သည် ဩဂုတ်လ ၂၀ ရက်ခန့်တွင် ရန်ကုန်မြို့သို့ ရောက်ရှိမည်ဖြစ်ပြီး အစီရင်ခံစာနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲ မလုပ်မီ နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အစိုးရအဖွဲ့ တာဝန်ရှိသူများနှင့်  ဦးစွာ တွေ့ဆုံမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေး ကော်မရှင် အဖွဲ့ဝင် ဦးအေးလွင်က ပြောကြားသည်။

“နေပြည်တော်ကို သွားမယ်၊ အစိုးရအဖွဲ့နဲ့ တပ်မတော်ကို တွေ့ဆုံမယ်၊ သုံးရက် လေးရက်ကြာမယ်၊ ကျွန်တော်တို့ အကြုံပြုချက်ကို ကျွန်တော်တို့ ပေးဖို့ပါပဲ၊ လက်တွေ့ အကောင်အထည်ဖော်ဖို့က အစိုးရအလုပ်ပါ”ဟု ၎င်းကပြောသည်။

ကော်မရှင်အနေနှင့် အပြီးသတ် အစီရင်ခံစာကို ၂၀၁၇ မတ်လက ထုတ်ပြန်ခဲ့သည့် ကော်မရှင်၏ ကြားဖြတ် အစီရင်ခံစာအပေါ် အခြေခံ ရေးသားခဲ့ကြောင်းနှင့် အစိုးရက ဖွဲ့စည်းပေးသည့် ကော်မရှင် ဖြစ်သော်လည်း မည်သည့်မလျော်ဩဇာမျှ လွှမ်းမိုးမှုမှမရှိကြောင်း ကော်မရှင်အဖွဲ့ဝင်များက ဆိုသည်။

ကော်မရှင်၏ အပြီးသတ် အစီရင်ခံစာတွင် ရခိုင်ပြည်နယ်အတွင်း ပဋိပက္ခ ကြိုတင်ကာကွယ်ရေး၊ ပြန်လည် ရင်ကြားစေ့ သင့်မြတ်ရေး၊ ဖွံ့ဖြိုးတိုးတက်မှု မြှင့်တင်ရေးတို့နှင့် ပတ်သက်သည့် အကြံပြုချက်များ ပါဝင်မည်ဖြစ်ကြောင်း အစိုးရက ကော်မရှင်သို့ ပေးအပ်ထားသည့်လုပ်ငန်း တာဝန်များအရ သိရသည်။

ကိုဖီအာနန် ဦးဆောင်သည့် ရခိုင် အကြံပေး ကော်မရှင်ကို ၂၀၁၆ ခုနှစ် ဩဂုတ်လ ၂၄ ရက်နေ့တွင် ပြည်တွင်း ပညာရှင် ခြောက်ဦး၊ ပြည်ပ ပညာရှင်သုံးဦး စုစုပေါင်း ကိုးဦးဖြင့် ဖွဲ့စည်းထားသည်။

ရခိုင်ဒေသ တိုင်းရင်းသားများနှင့် မွတ်ဆလင် အသိုင်းအဝိုင်း လူမှုဘဝများကြား အကြုံပြုချက်များကို ၂၀၁၇ ဩဂုတ်လ ၂၄ ရက်ထက် နောက်မကျစေဘဲ အစိုးရထံ တင်ပြရမည် ဖြစ်သည်။

အစီရင်ခံစာတွင် ကိုဖီအာနန်အပါအဝင် ကော်မရှင်အဖွဲ့ဝင်များသည် မောင်တောနှင့် ဘူးသီးတောင် အပါအဝင် ရခိုင်ဒေသအသီးသီးသို့ သွားရောက်၍ ဒေသခံ တိုင်းရင်းသားများ၊ မွတ်ဆလင်များနှင့် အစိုးရတာဝန်ရှိသူများ အပါအဝင် အဖွဲ့အစည်း အများအပြားနှင့် တွေ့ဆုံခဲ့သည့်အပြင် နိုင်ငံရေးပါတီများမှ တာဝန်ရှိသူများ၊ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာတို့မှ ဘာသာရေး ခေါင်းဆောင်များနှင့် တွေ့ဆုံကာ အချက်အလက်များ ရယူခဲ့ခြင်းဖြစ်သည်။

J-18


  • VIA