News

POST TYPE

POLITICAL

တိုးဂိတ်ဝန်ထမ်းကို ပါးရိုက်မှု ပတ်သက်ခြင်းမရှိဟု ကော့မှူးအမတ် တုံ့ပြန်

ရန်ကုန်၊ သြဂုတ် ၁၅

တွံတေး-လှိုင်သာယာကားလမ်းရှိ ပန်းလှိုင်တံတားတိုးဂိတ်မှ ဝန်ထမ်းကို NLD ပါတီဝင်တစ်ဦးက ပါးရိုက်မှုတွင် ပါဝင်ပတ်သက်ခြင်း မရှိကြောင်း ကော့မှူးမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးကျော်ဆွေဝင်းက The Voice သို့ ပြောကြားသည်။

ယင်းတိုးဂိတ်တွင် သြဂုတ်လ ၁၃ ရက် နံနက် ၁၀ နာရီခွဲခန့်က ပန်းလှိုင်တံတားဘက်မှ လှိုင်သာယာဘက်သို့ မောင်းနှင်လာသော Mark II အမျိုးအစား အဖြူရောင်ယာဉ်ကို ငွေပြေစာဖြတ်ပြီး ကောက်ခံရာ အဆိုပါယာဉ်မှာ ရပ်တန့်ပေးခြင်း မရှိကြောင်း အမှုဖွင့် တိုင်ကြားချက်အရ သိရှိရသည်။

ထို့သို့ ရပ်တန့်ပေးခြင်း မရှိသဖြင့် စာရင်းရေးမှတ်သူ အမျိုးသမီးအား မောင်းနှင်ထွက်ပြေးဟု အော်ပြောစဉ် အဆိုပါ ယာဉ်နောက်မှ လိုက်ပါလာသည့် အခြားယာဉ်မောင်းတစ်ဦးက ဖုန်းဆက်ခေါ်ရာ မောင်းနှင်ထွက်ပြေးသည့်ယာဉ်မှာ ပြန်လှည့်လာပြီး ယာဉ်ပေါ်ပါလူတစ်ဦးက ပါးရိုက်သွားခြင်းဖြစ်ကြောင်း အမှုဖွင့် တိုင်ကြားချက်အရ သိရသည်။

ယင်းနေ့က ၎င်းသည် ကော့မှူးမြို့နယ်တွင်သာ ရှိပြီး ယာဉ်တန်းတွင် လိုက်ပါခဲ့မှု မရှိကြောင်း၊ မြို့နယ်တစ်ခုလျှင် ကားအစီး ၂၀ ကျော် လိုက်ပါသွားသောကြောင့် ဒလ၊ ကွမ်းခြံကုန်း၊ ကော့မှူးနှင့် တွံတေးမြို့နယ်တို့ ပေါင်းသွားချိန်တွင် ယာဉ်အစီး ၁၀၀ ခန့်ဖြစ်သွားကြောင်း၊ အခင်းဖြစ်ပြီး ရဲမှတ်တမ်းတွင် ပါရှိလာသော ကားအမျိုးအစားကိုလည်း မသိရှိကြောင်း ဦးကျော်ဆွေဝင်းက ပြောဆိုသည်။

အမှုဖွင့် တိုင်ကြားချက်အရ ရဲအရာရှိတစ်ဦးက ယင်းတိုးဂိတ်တွင် တာဝန်ခံ၊ ငွေကောက်ခံသူ၊ စာရင်းရေးမှတ်သူတို့ရှိပြီး ပါးရိုက်သွားသူမှာ ယာဉ်နောက်ခန်းမှ ဆင်းလာပြီး ပြောဆို၊ ပါးရိုက်သွားခြင်းဖြစ်သည်ဟု တိုင်ကြားကြောင်း ရှင်းပြသည်။

“NLD တံဆိပ်ကပ်ထားတဲ့ ယာဉ်တွေကို လက်ညှိုးထိုးပြတယ်။ “ဒီယာဉ်တန်းတွေ ဖြတ်မယ်ဆိုတာ မင်းမသိဘူးလား။ မင်းတို့ လူပါးဝတာ ကြပြီ”ဆိုပြီး ပြောဆို ပါးရိုက်သွားတာ။

ပြီးတော့ ကျန်တဲ့ကောင်တွေ တစ်စီးမှ ပေးစရာမလိုဘူးလို့လည်း ပြောသွားသေးတယ်ဆိုပြီး သိရပါတယ်ဟု အဆိုပါ ရဲအရာရှိက ရှင်းပြသည်။

ငွေကောက်ဝန်ထမ်းကို ရိုက်နှက်ခံရပြီး ခဏအကြာတွင် ပါဂျဲရိုယာဉ်တစ်စီးပေါ်မှ အမျိုးသားတစ်ဦး ဆင်းလာပြီး ၎င်းမှာ ဒလမြို့နယ် တိုင်းဒေသကြီး(၁) လွှတ်တော် ကိုယ်စားလှယ် ဦးထွန်းရင်ဖြစ်ကြောင်း၊ ညနေပြန်လာပါက ပြေလည်အောင် ဖြေရှင်းပေးမည်ဖြစ်ကြောင်း ပြောဆိုခဲ့ကြောင်း တိုင်ကြားချက်အရ သိရှိရသည်။

သို့သော် သြဂုတ်လ ၁၃ ရက် ည ၈ နာရီအချိန်အထိ လာရောက်ဖြေရှင်းပေးခြင်း မရှိသဖြင့် ခလောက်ချိုက်နယ်မြေ ရဲစခန်းကို အမှုဖွင့်တိုင်ကြားခဲ့ရာ ရာဇသတ်ကြီးပုဒ်မ ၃၂၃ ဖြင့် ငြိစွန်းသဖြင့် ရဲအရေးမပိုင်မှုဖြင့် တွံတေးမြို့နယ် တရားရုံးသို့ ဦးတိုက်လျှောက်ထား တရားစွဲဆိုရန် ရဲစခန်း တာဝန်ရှိသူများက (က) (ခ) အမှတ်စဉ် ၁၉/၁၇ ဖြင့် ရေးသားပေးအပ်ခဲ့သည်။

ဒလမြို့နယ် တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးထွန်းရင်က ယင်းကိစ္စတွင် လွှတ်တော်အမတ် ဦးကျော်ဆွေဝင်း ပါဝင်ပတ်သက်မှု မရှိဘဲ လွှတ်တော်အမတ်ဟူ၍ ၎င်းတစ်ဦးတည်းသာ ပါရှိကြောင်း ပြောဆိုသည်။

ယာဉ်တန်းတွင် ယာဉ်အစီးရေ ၁၀၀ ခန့်ရှိမည်ဟု ခန့်မှန်းရပြီး ငွေမပေးလို၍ မောင်းပြေးခြင်း မဟုတ်လားဟု တိုးဂိတ် ဝန်ထမ်းတစ်ဦးက မေးခွန်းထုတ်ခဲ့သဖြင့် အဖွဲ့ထဲမှ ကိုကြီးပေါင်(ခ) ကိုလှထွေးဆိုသူက ပါးတစ်ချက်ရိုက်ခဲ့ခြင်းဖြစ်ကြောင်း ဦးထွန်းရင်က ပြောကြားသည်။

“အဲဒါကို ကျွန်တော်တို့ တောင်းပန်တယ်။ အဖွဲ့သား အားလုံးကလည်း ဝိုင်းတောင်းပန်တာ။ ခြေသလုံးဖက် မတောင်းပန်ရုံ တစ်မယ်ပဲ”ဟု ဦးထွန်းရင်က ပြောကြားသည်။

ထို့နောက် ၎င်းကိုယ်တိုင် နာမည်၊ ဖုန်းနံပတ်များပေးခဲ့ပြီး နှစ်ဦးနှစ်ဖက် ပြေပြေလည်လည်ဖြစ်မှ ပါဝင်သူ အားလုံး အတူတူ ပြန်လာခဲ့ကြကြောင်း၊ ငွေမပေးချင်၍ မဟုတ်ကြောင်း၊ အဖွဲ့ထဲတွင် ပါဝင်သူတစ်ဦးက ကျသင့်ငွေကို ပေးချေခဲ့ကြောင်း ဦးထွန်းရင်က ပြောဆိုသည်။

S-01/ J-16