News

POST TYPE

POLITICAL

အကြမ်းဖက်များကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနှင့် အရေးယူပေးရန် နိုင်ငံရေးပါတီများ တောင်းဆို
15-Aug-2017

ရန်ကုန်၊ သြဂုတ် ၁၄

အကြမ်းဖက်မှု ကျူးလွန်ခဲ့သူများနှင့် အကြမ်းဖက် အဖွဲ့အစည်းများအား အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနှင့်အညီ အရေးယူပေးရန် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေပါတီ အပါအဝင် နိုင်ငံရေးပါတီများက နိုင်ငံတော်အစိုးရထံ သြဂုတ်လ ၁၄ ရက်နေ့၌ တောင်းဆိုလိုက်သည်။

ကြံ့ခိုင်ရေးပါတီက ဦးဆောင်၍ နိုင်ငံရေးပါတီ ၂၀ ခန့်သည် ရန်ကုန်မြို့ သံလွင်လမ်းရှိ ကြံ့ခိုင်ရေးပါတီရုံးချုပ်၌ ရခိုင်ပြည်နယ်မြောက်ပိုင်း အရေးကိစ္စနှင့် ပတ်သက်၍ ဆွေးနွေးမှုအပြီး အထက်ပါအတိုင်း တောင်းဆိုခဲ့ခြင်း ဖြစ်သည်။

“အကြမ်းဖက်အဖွဲ့တွေကို ဖမ်းမိတိုင်း အကြမ်းဖက်မှု ဥပဒေနဲ့ အရေးယူတာ မတွေ့ရဘူး။ ဥပဒေအရ ထိထိရောက်ရောက်ဖြစ်ဖို့ ထည့်သွင်းတောင်းဆိုရတာ ဖြစ်တယ်။ ပြီးတော့ မြန်မာမှာ ရိုဟင်ဂျာဆိုတဲ့ တိုင်းရင်းသားမရှိဘူး ဆိုတာကိုလည်း အစိုးရက ကမ္ဘာကို ကြေညာပေးဖို့ လိုတယ်” ဟု ကြံ့ခိုင်ရေးပါတီ ပြောရေးဆိုခွင့်ရှိသူ ဦးလှသိန်းက ပြောသည်။

ထပ်မံ၍ ရခိုင်ပြည်နယ်တွင်း ဖြစ်ပေါ်နေသော အရေးကိစ္စများနှင့် ပတ်သက်၍ အချိန်မီ ဆောင်ရွက်နိုင်ခြေ ရှိပါလျက်နှင့် မဆောင်ရွက်နိုင်ခြင်းကြောင့် နိုင်ငံနှင့်ပြည်သူအတွက် ဖြစ်ပေါ်လာမည့် အကျိုးဆက်များမှာ အစိုးရ၌သာ တာဝန်ရှိကြောင်း ယင်းနိုင်ငံရေးအင်အားစု ပါတီများ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အဆိုပါ နိုင်ငံရေးအင်အားစု ပါတီများသည် ပြီးခဲ့သည့် ဇူလိုင်လ ၆ ရက်နေ့၌ ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသများ ဖြစ်သော ဘူးသီးတောင်၊ မောင်တော ဒေသများကို စစ်အုပ်ချုပ်ရေး အမိန့်ထုတ်ပြန်ပေးရန် နိုင်ငံတော်သမ္မတထံ သဘောထား ထုတ်ပြန်၍ တောင်းဆိုခဲ့သည်။

ထို့နောက် ဇူလိုင်လ ၁၉ ရက်နေ့၌ အဆိုပါ နိုင်ငံရေးအင်အားစု ပါတီများသည် ရခိုင်ပြည်နယ် အရေးကိစ္စနှင့် ပတ်သက်၍ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ထံ အိတ်ပိတ်စာ ပေးပို့ခဲ့သည်။ 

J-07