News

POST TYPE

POLITICAL

ရွေးကောက်ပွဲ အနိုင်မရ ပါတီများမှ ပင်လုံညီလာခံ တက်ရောက်မည့် ကိုယ်စားလှယ် ရွေးချယ်ပွဲ ကန့်ကွက်မှုများကြောင့် ပွဲပျက်
23-Aug-2016

ရန်ကုန်၊ သြဂုတ်  ၂၃
 
ရွေးကောက်ပွဲတွင် အနိုင် မရရှိသည့် နိုင်ငံရေး ပါတီများမှ ၂၁ ရာစု ပင်လုံညီလာခံ တက်ရောက်မည့် ကိုယ်စားလှယ် ရွေးချယ်သည့် အစည်းအဝေးတွင် ရွေးချယ်မည့် ပုံစံကို မကျေနပ်၍ ယင်းပါတီများက ကန့်ကွက်သောကြောင့် အစည်းအဝေးပွဲ ပျက်သွားကြောင်း အဆိုပါ အစည်းအဝေးမှ သိရသည်။

အဆိုပါ အစည်းအဝေးကို သြဂုတ်လ ၂၂ ရက်နေ့တွင် ရန်ကုန်မြို့ရှိ အမျိုးသား ပြန်လည် သင့်မြတ်ရေးနှင့် ငြိမ်းချမ်းရေးဗဟို ဌာန (NRPC) ရုံးတွင် ပြုလုပ်ခဲ့ခြင်း ဖြစ်သည်။

အစည်းအဝေးတွင် ရွေးကောက်ပွဲ အနိုင် မရသည့် နိုင်ငံရေးပါတီ ၇ဝ ရှိသည့်အနက် ပါတီ ၃ဝ ခန့်မှ ကိုယ်စားလှယ်များသာ လာရောက်ခဲ့ပြီး ကျန်ပါတီများက အစည်းအဝေးကို တက်ရောက်ခဲ့ခြင်း မရှိကြောင်း ယင်းအစည်းအဝေးမှ သိရသည်။

တက်ရောက်လာသည့် နိုင်ငံရေး ပါတီ ၃ဝ ခန့်ကလည်း ယခု အစည်းအဝေးတွင် ညီလာခံ၌ နိုင်ငံရေး ပါတီ ၇ဝ မှ ၅ ဦး ရွေးချယ်၍ နိုင်ငံရေးပါတီ ကိုယ်စားလှယ်များ အစုအဖွဲ့တွင် ပါဝင်ရန် မဟုတ်ဘဲ ပါဝင်သင့် ပါဝင်ထိုက်သူများ အစုအဖွဲ့မှသာ ပါဝင် ဆွေးနွေးရန် စီစဉ်လာသည့်အတွက် နိုင်ငံရေး ပါတီများကို နှိမ်ချ ခွဲခြားသည့် အစီအစဉ်သာ ဖြစ်၍ ယင်းအစီအစဉ်ကို ကန့်ကွက်ကြောင်း ပူးတွဲ ကြေညာချက် တစ်စောင်ကိုလည်း ထုတ်ပြန်ခဲ့သည်။

NCA စာချုပ်၏ အခြေခံ မူများတွင် တရားဝင် မှတ်ပုံတင်ထားသည့် နိုင်ငံရေး ပါတီများ ပါဝင်ခွင့် ရှိသည်ဟု အခိုင်အမာ ဆိုထားသည့်အတွက် ရွေးကောက်ပွဲ မနိုင်သည့် နိုင်ငံရေးပါတီ ၇ဝ မှ ၅ ဦးသာ ရွေးချယ်မည့်မူကို အစည်းအဝေး တက်ရောက်လာသည့် ပါတီ အားလုံးက လက်ခံနိုင်ခြင်း မရှိကြောင်း အမျိုးသား နိုင်ငံရေး မဟာမိတ်ပါတီ ဥက္ကဋ္ဌ ဦးသိန်းကြည်က ပြောကြားသည်။

“NCA စာချုပ်မှာ တရားဝင် နိုင်ငံရေး ပါတီတွေ ပါဝင်ခွင့် ရှိတယ်လို့ အခိုင်အမာ ဆိုထားတယ်။ အဲဒါကို အခုလို လုပ်လိုက်တော့ စာချုပ်ကို ချိုးဖောက်ရာ မကျဘူးလား”ဟု ၎င်းက ဆိုသည်။

လက်ရှိ ဖြစ်ပွားသည့် ကိစ္စရပ်နှင့် ပတ်သက်၍ တာဝန်ယူ ရှင်းလင်းနိုင်ခြင်း မရှိကြောင်း၊ အစည်းအဝေး ရလဒ်များကို အထက် တာဝန်ရှိသူများကို တင်ပြပေးသွားမည် ဖြစ်ကြောင်း အစည်းအဝေး ဦးဆောင် ကျင်းပသည့် NRPC မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

၂၁ရာစု ပင်လုံညီလာခံ အဖွင့်ပွဲ နေ့တွင် အနိုင် မရသည့် ပါတီ ၇ဝ လုံးကို တက်ခွင့်ပြုမည်ဖြစ်ပြီး ညီလာခံ အစ အဆုံး တက်ရောက် ဆွေးနွေးရန် ယင်းပါတီ ၇ဝ မှ ကိုယ်စားလှယ် ငါးဦးသာ တက်ရောက်ခွင့် ပြုမည်ဖြစ်သည်။

ပြည်ထောင်စု ငြိမ်းချမ်းရေး ညီလာခံ - ၂၁ရာစု ပင်လုံညီလာခံကို လာမည့် သြဂုတ်လ ၃၁ ရက်နေ့တွင် နေပြည်တော်တွင် ကျင်းပ ပြုလုပ်မည်ဖြစ်သည်။


  • VIA