News

POST TYPE

POLITICAL

မေယုတောင်တန်းတွင် တပ်မတော် နယ်မြေ ရှင်းလင်းမည်
13-Aug-2017


ရန်ကုန်၊ ဩဂုတ် ၁၃

မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်မြေနှင့်ထိစပ်လျက်ရှိသော ရခိုင်ပြည်နယ်မေယု တောင်တန်းတစ်လျှောက် တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့မှ ဩဂုတ်လ ၁၀ ရက်နေ့၌ ညွှန်ကြားစာ ထုတ်ပြန်ခဲ့သည်။

ဘင်္ဂါလီ အကြမ်းဖက် အဖွဲ့များ ခိုအောင်းလျက်ရှိသော မေယုတောင်တန်းကို တပ်မတော်က နယ်မြေရှင်းလင်းရန် စီစဉ်ထားမှုကြောင့် ဘူးသီးတောင်၊ မောင်တော၊ ရသေ့တောင် နယ်မြေအတွင်းရှိ ရခိုင်တိုင်းရင်းသားများ အနေနှင့် တောင်ပေါ်သို့ တက်ရောက်ခြင်း မပြုရန် ရခိုင်ပြည်နယ် အစိုးရအဖွဲ့၏ ညွှန်ကြားစာ၌ ဖော်ပြထားသည်။

“ဒေသခံတွေက တောင်ပေါ်မှာ မျှစ်ချိုးတာတွေ၊ တောင်ယာ တက်ရောက် လုပ်ကိုင်တာတွေ ရှိတယ်။ တပ်မတော်က နယ်မြေရှင်းလင်းရေး လုပ်တဲ့အခါ လူမှားမှာ စိုးရိမ်ရတယ်။ ဒါကြောင့် ထုတ်ပြန်ထားရတာ ဖြစ်တယ်”ဟု မောင်တော မြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး ဦးမြင့်ခိုင်က အတည်ပြု ပြောဆိုသည်။

အလားတူ ဩဂုတ်လ ၁၂ ရက်နေ့၌ ရသေ့တောင်မြို့နယ်အတွင်းရှိ ကျေးရွာ အုပ်စု(၁၁)စုကို အုပ်ချုပ်ရေးအဖွဲ့များက ပုဒ်မ ၁၄၄ ထုတ်ပြန်ခဲ့သည်။ ပုဒ်မ ၁၄၄ ထုတ်ပြန်ရာတွင် ဖက်လိပ်၊ သိမ်တောင်၊ ချွတ်ပြင်၊ အောက်နန်းရာ၊ အထက်နန်းရာ၊ စေတီပြင်၊ အောက်ကျောင်းတောင်၊ ပေါက်ပင်ရင်း၊ ခွဆုံ၊ ပန်းဖောပြင်၊ ကိုတန်ကောက် စသည့် ကျေးရွာအုပ်စုများ ပါဝင်သည်။

ပုဒ်မ ၁၄၄ ထုတ်ပြန်ထားသော ကျေးရွာများ၌ နေထိုင်သူများသည် လူ ၅ ဦးထက် ပို၍ စုဝေးခြင်း မပြုလုပ်ရဘဲ ည ၉ နာရီမှ နံနက် ၅ နာရီအထိ ညမထွက်ရကြောင်း ပြည်နယ်အစိုးရအဖွဲ့၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

လက်ရှိအချိန်၌ ဘင်္ဂါလီ အကြမ်းဖက် အဖွဲ့များ ခိုအောင်းနေသော မေယုတောင်တန်းကို နယ်မြေရှင်းလင်းရေး ဆောင်ရွက်ရန် တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့် နယ်ခြားစောင့် ရဲတပ်ဖွဲ့များမှ အင်အားဖြည့်တင်းခြင်းများ ဆောင်ရွက်ထားပြီးဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

အလားတူ ရခိုင်ပြည်နယ် နယ်မြေစိုးမိုးရေးနှင့် လုံခြုံမှုရှိရန် ရခိုင်အမျိုးသား ပါတီမှ ပါတီခေါင်းဆောင်များသည် ဩဂုတ်လ (၉) ရက်နေ့၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ထံ သွားရောက် တွေ့ဆုံခဲ့သည်။

အဆိုပါ တွေ့ဆုံမှုကို နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ ခန်းမ၌ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နှင့်အတူ ဒုတိယ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ကာကွယ်ရေး ဦးစီးချုပ် (ကြည်း) ဒုတိယ ဗိုလ်ချုပ်မှူးကြီး စိုးဝင်း၊ ညှိနှိုင်းကွပ်ကဲရေးမှူး (ကြည်း၊ ရေ၊ လေ) ဗိုလ်ချုပ်ကြီး မြထွန်းဦးနှင့် ကာကွယ်ရေး ဦးစီးချုပ်ရုံး (ကြည်း)မှ တပ်မတော် အရာရှိကြီးများ တက်ရောက်ကြပြီး ဒေါက်တာ အေးမောင်နှင့်အတူ ရခိုင်အမျိုးသားပါတီ (ANP) ပါတီဗဟို အလုပ်အမှုဆောင်များ ဖြစ်ကြသည့် ဦးဘရှိန်၊ ဦးဦးလှစော၊ ဦးဖေသန်း၊ ဦးအောင်ကျော်ဇံ၊ ဦးဝေစိန်အောင်နှင့် ဦးခင်မောင်လတ်တို့ တက်ရောက် ဆွေးနွေးခဲ့ကြောင်း တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးက သတင်းထုတ်ပြန်ထားသည်။

ထိုကဲ့သို့ တပ်မတော်နှင့် ရခိုင်အမျိုးသားပါတီ ခေါင်းဆောင်ပိုင်းတို့ တွေ့ဆုံပြီး ဩဂုတ်လ ၁၀ ရက်နေ့၌ စစ်ကိုင်း အခြေစိုက် အမှတ် (၃၃) ခြေမြန်တပ်မ ဌာနချုပ် လက်အောက်ခံ တပ်ရင်းအချို့သည် လေကြောင်းခရီးဖြင့် ရခိုင်ပြည်နယ် စစ်တွေမြို့သို့ ရောက်ရှိလာပြီး ထိုမှတစ်ဆင့် ရခိုင်ပြည်နယ် မြောက်ပိုင်းဒေသတွင် နယ်မြေ ရှင်းလင်းရေး တာဝန် ထမ်းဆောင်မည်ဖြစ်ကြောင်း ရခိုင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။

  • VIA