POST TYPE

POLITICAL

ဦးသိန်းစိန်၊ ဦးဌေးဦးအပါအဝင် တိုင်းနှင့် ပြည်နယ်ဥက္ကဋ္ဌများအားလုံး ကြံ့ခိုင်ရေးပါတီမှ အနားယူ
23-Aug-2016 tagged as

ရန်ကုန်၊ သြဂုတ် ၂၁

ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌ ဦးသိန်းစိန်နှင့် အတွင်းရေးမှူးဦးဌေးဦးအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ဥက္ကဋ္ဌများ တာဝန်မှ အနားယူသွားပြီဖြစ်ကြောင်း ကြံခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်များထံမှ သိရသည်။

ကြံ့ခိုင်ရေးပါတီ ဒုတိယအကြိမ်ပါတီညီလာခံအစည်းအဝေးကို နေပြည်တော်ရှိ ကြံ့ခိုင်ရေး ပါတီရုံးချုပ်၌ သြဂုတ်၂၀ရက်မှစတင်ပြုလုပ်ခဲ့ပြီးနောက် ညီလာခံ တတိယနေ့တွင် ပါတီဥက္ကဋ္ဌ၊အတွင်းရေးမှူးနှင့် တိုင်းဒေသကြီးပြည်နယ်ဥက္ကဋ္ဌများသည် ညီလာခံ ဆုံးဖြတ်ချက်အရ အနားယူခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။

“ပါတီဥက္ကဋ္ဌ၊ အတွင်းရေးမှူးနဲ့ တိုင်းဒေသကြီး၊ ပြည်နယ်တွေ အကုန်အနားယူတယ်”ဟု ကြံ့ခိုင်ရေးပါတီ ထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ပြောသည်။ ယင်းညီလာခံ ဆုံးဖြတ်ချက်အရ ကြံ့ခိုင်ရေးပါတီ ဥက္ကဋ္ဌအဖြစ် ဦးသန်းဌေး၊ အတွင်းရေးမှူးအဖြစ် ဦးမြတ်ဟိန်းတို့ကို တာဝန်ပေးလိုက်ကြောင်း သိရသည်။

“အတည်ဖြစ်ပါတယ်။ ပါတီဥက္ကဋ္ဌကြီးလည်း အနားယူသွားပါပြီ”ဟု ရန်ကုန်တိုင်း ကြံ့ခိုင်ရေးပါတီထိပ်ပိုင်းခေါင်းဆောင်တစ်ဦးက ဆိုသည်။
ယခင်တိုင်းဒေသကြီးနှင့် ပြည်နယ်ဥက္ကဋ္ဌများဖြစ်ကြသော ရန်ကုန်တိုင်းဝန်ကြီးချုပ်(ဟောင်း) ဦးမြင့်ဆွေ၊ မန္တလေးတိုင်းဒေသကြီးတွင် ဦးရဲမြင့်၊ စစ်ကိုင်းတိုင်းတွင် ဦးသာအေး၊ တနင်္သာရီတိုင်းတွင် ဦးမြတ်ကို၊ ဧရာဝတီတိုင်းဒေသကြီးတွင် ဦးသိန်းအောင်၊ မွန်ပြည်နယ်တွင် ဦးအုန်းမြင့်၊ ပဲခူးတိုင်းတွင် ဦးဉာဏ်ဝင်း၊ မကွေးတိုင်းတွင် ဦးဘုန်းမော်ရွှေ၊ ရှမ်းပြည်နယ်တွင် ဦးစဝ်အောင်မြတ်၊ ကချင်ပြည်နယ်တွင် လဂျွန်ငန်ဆိုင်း၊ ချင်းပြည်နယ်တွင် ဦးဟုန်ငိုင်း၊ ရခိုင်ပြည်နယ်တွင် ဦးလှမောင်တင်၊ ကရင်ပြည်နယ်တွင် ဦးဇော်မင်းတို့ ထမ်းဆောင်ခဲ့သည်။

ဓါတ်ပုံ-အောင်ပိုင်မင်း

  • VIA
  • TAGS