News

POST TYPE

POLITICAL

တရုတ်ခရီးစဉ်တွင် e-Government ဖွံ့ ဖြိုးရေးအတွက် Huawei ကုမ္ပဏီနှင့် ဆွေးနွေး
နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ တရုတ်ပြည်သူ့ သမ္မတနိုင်ငံခရီးစဉ်တွင် မြန်မာနိုင်ငံ၏ e-Government စနစ် ဖွံ့ ဖြိုးရေးအတွက် Huawei ကုမ္ပဏီနှင့် အစိုးရတာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း Huawei ထံမှ သိရသည်။

ယင်းတွေ့ဆုံပွဲတွင် ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ စီမံကိန်းနှင့် ဘဏ္ဍာရေး ဝန်ကြီးဌာနတို့မှ ပြည်ထောင်စုဝန်ကြီးများ အပါအဝင် တာဝန်ရှိသူများနှင့် Huawei တို့အကြား စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်သော သတင်းအချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ မြှင့်တင်ရန် လိုအပ်ချက်များကို ဆွေးနွေးခဲ့ကြောင်း Huawei ကုမ္ပဏီထံမှ သိရသည်။

"မြန်မာနိုင်ငံအနေနဲ့ Huawei ရဲ့ ရင်းနှီးမြှုပ်နှံတွေကို ကြိုဆိုပါတယ်။ e-Government ဖွံ့ ဖြိုးလာရေးအတွက် Huawei ရဲ့ အကောင်းဆုံး နည်းလမ်းတွေကို အဆိုတင်သွင်းမှုအပြင် လျှပ်စစ်နှင့် စွမ်းအင်လို အဓိကကျတဲ့ အခြားကဏ္ဍတွေမှာလည်း Huawei နဲ့ ပူးပေါင်း ဆောင်ရွက်ဖို့ကို စောင့်မျှော်နေပါတယ်" ဟု စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကျော်ဝင်းက ပြောကြားသည်။
Huawei ကုမ္ပဏီအနေနှင့် မြို့ပေါင်း ၁၀၀ ကျော် ပါဝင်သော နိုင်ငံပေါင်း ၃၀ ကျော်မှ ပြည်တွင်းနှင့် မြို့နယ်အဆင့် ICT (City-Level ICT) စီမံကိန်းများနှင့် လုပ်ငန်းဆိုင်ရာများကို မူဝါဒအကြံပေးခြင်းများကို လုပ်ဆောင်လျက်ရှိသည်။

"မြန်မာအစိုးရအနေနဲ့ Data ID Card  စနစ်၊ ဒစ်ဂျစ်တယ် အစိုးရမဟာဗျူဟာနဲ့ e-Government  စနစ်ကို လုပ်ဆောင်လျက် ရှိနေတဲ့အတွက် လိုအပ်တဲ့ နည်းပညာနဲ့ ထိရောက်တဲ့ အကြံပေးမှုတွေ ကူညီပံ့ပိုးပေးသွားမှာ ဖြစ်ပါတယ်" ဟု Huawei ကုမ္ပဏီ(ရန်ကုန်) ၏ အမှုဆောင် အရာရှိချုပ် Mr. Zhang Liman က ပြောကြားသည်။