News

POST TYPE

POLITICAL

ချင်းပြည်နယ် လူမှုရေးဝန်ကြီးဟောင်း တရားမဲ့ပြုကျင့်မှုဖြင့်လွှတ်တော်ကိုယ်စားလှယ် အဖြစ်မှ ရုတ်သိမ်းခံရ
22-Aug-2016

ချင်းပြည်နယ် လူမှုရေးဝန်ကြီးဟောင်း ဒေါက်တာဘမောင်ကို ရွေးကောက်ပွဲကာလအတွင်း တရားမဲ့ပြုကျင့်ခဲ့ကြောင်း ပေါ်ပေါက်သဖြင့် 
လွှတ်တော်ကိုယ်စားလှယ်အဖြစ်မှ ရုတ်သိမ်းထားကြောင်း ချင်းပြည်နယ် လွှတ်တော်ဥက္ကဌ ဦးဇိုဘွဲ့က ပြောကြားသည်။ 

ကန်ပက်လက်မြို့နယ် မဲဆန္ဒနယ် အမှတ်(၂) ၏ ပြည်နယ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်သည့် ဒေါက်တာဘမောင်(ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ) သည် ၂၀၁၅ ခုနှစ်
ရွေးကောက်ပွဲကာလ အတွင်းက နည်းလမ်းမကျ စည်းရုံးခဲ့မှုများရှိသည်ဟု ယင်းမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးဖွေအား(အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ)က
ဒီဇင်ဘာလအတွင်းက ရွေးကောက်ပွဲ ကော်မရှင်သို့ ကန့်ကွက်လွှာ တင်သွင်းခဲ့ခြင်းကြောင်း ၎င်းက ပြောသည်။ 

“ သူ့နေရာမှာ ဒုတိယမဲအများဆုံးဖြစ်တဲ့ NLD ပါတီက ဦးဖွေအားကို ခန့်အပ်ရမှာပါ။ ဗဟိုကော်မရှင်က စာတော့ မထွက်သေးဘူး ” ဟု ဦးဇိုဘွဲ့က ပြောဆိုသည်။ 

ဦးဖွေအား၏ ရွေးကောက်ပွဲကန့်ကွက်လွှာ အမှုအမှတ်(၃၆)ကို စစ်ဆေး ကြားနာခဲ့မှုများအရ ဒေါက်တာဘမောင်သည် ရွေးကောက်ပွဲ ကာလအတွင်း တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၆ (ည)အရ တရားမဲ့ပြု ကျင့်မှုပြုလုပ်ခဲ့ကြောင်း ပေါ်ပေါက်ခဲ့သဖြင့် ဒေါက်တာဘမောင်အား ရွေးကောက် တင်မြှောက်ခြင်းသည် တိုင်းဒေသကြီး လွှတ်တော် သို့မဟုတ် ပြည်နယ်လွှတ်တော် ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၇၁ (က)အရ ပျက်ပြယ်ကြောင်း၊ ဦးဖွေအားသည် ချင်းပြည်နယ် ကန်ပက်လက်မြို့နယ် ပြည်နယ် လွှတ်တော်မဲဆန္ဒနယ် အမှတ်(၂) မှ ရွေးကောက် တင်မြှောက်ခြင်းခံရသော ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဖြစ်သည်ဟု ခုံအဖွဲ့မှ ဆုံးဖြတ်ခဲ့ကြောင်း MOI Webportal Myanmar စာမျက်နှာတွင် သြဂုတ်လ ၁၇ ရက်နေ့က ဖော်ပြထားသည်။ 

ဒေါက်တာဘမောင်သည် ယခင်အစိုးရလက်ထက်က ချင်းပြည်နယ် လူမှုရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့သူဖြစ်ပြီး ၂၀၁၅ ရွေးကောက်ပွဲတွင် ကန်ပက်လက်မြို့နယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့သူ ဖြစ်သည်။  အဆိုပါသတင်းနှင့်ပတ်သက်၍ အသေးစိတ်ထပ်မံမေးမြန်းရန်အတွက် ဒေါက်တာဘမောင်နှင့် ဦးဖွေအားတို့ထံ တယ်လီဖုန်းဖြင့် ဆက်သွယ်သော်လည်း ဆက်သွယ်၍ မရခဲ့ပေ။


  • VIA