News

POST TYPE

PHOTO ESSAYS

မန္တလေးနှင့် ညဈေးများ
02-Jul-2017 tagged as

မန္တလေးမြို့မှာ အခုဆိုရင် ညဈေးတန်းလေးခုအထိ ရှိလာပါပြီ။ ညခင်းဘက်မှာ အေးအေးဆေးဆေး လည်ပတ် စားသောက်နိုင်ဖို့အတွက် သာမန်ဆိုင်တွေထက် ရွေးချယ်စရာ ပိုများလာမယ့် ညဈေးတန်းတွေရဲ့ ပုံရိပ်အချို့ကို ဖော်ပြလိုက်ပါတယ်။

ဓာတ်ပုံ - မြတ်(ကလေး)၊ ရွှေရည်
မန္တလေးမြို့ရဲ့ ပထမဆုံး ညဈေးပါ။ ဈေးချိုတော် ညဈေးတန်းလို့ ခေါ်ပါတယ်။ သက်တမ်းက နှစ် ၆၀ လောက်ရှိပြီဖြစ်ပြီး ဟိုယခင်က အထက်မြန်မာပြည်အတွက် အားကိုးရတဲ့ ညဈေးတန်းတစ်ခု ဖြစ်ခဲ့ပေမယ့် လက်ရှိမှာတော့ ခပ်ယဲ့ယဲ့သာ ရပ်တည်နေကြရပါတယ်။
ပြည်တွင်းပြည်ပ ဧည့်သည်တွေရဲ့ စိတ်ဝင်စားမှုကိုခံရတဲ့ ဈေးချိုတော် ညဈေးတန်းဖြစ်ပေမယ့် အရောင်းအဝယ်က ဟိုတုန်းကထက်စာရင် ထက်ဝက်ကျော် ကျဆင်းနေပါပြီ။ ဈေးဦး မပေါက်တဲ့ညတွေလည်းရှိတယ်လို့ ဈေးသည်တွေက ပြောနေပါပြီ။
ဈေးချိုတော် ညဈေးတန်းရဲ့ လူစည်ကားတဲ့နေရာ မြင်ကွင်းပါ။ လမ်းမီးတိုင်တွေရဲ့ အလင်းရောင် မရှိမှုကြောင့် ကိုယ်ထူကိုယ်ထ မီးချောင်းတွေနဲ့ ဖွင့်လှစ်ထားရတဲ့ ဈေးတန်းမှာ အလစ်သမားတွေရဲ့ အန္တရာယ်ကလည်း ရှိနေပါသေးတယ်။
ရတနာပုံညဈေးကို ဇူလိုင်လကုန်လောက်မှာ စတင် ဖွင့်လှစ်ပေးမှာ ဖြစ်ပြီး ဖန်စီပစ္စည်း အသစ်အဆန်းတွေ၊ နိုင်ငံတကာ အစားအသောက်တွေ၊ အဝတ်အထည်တွေ ကြည့်ရှု ဝယ်ယူနိုင်သလို ကလေးတွေ ကစားဖို့အတွက် နေရာတွေ၊ ဓာတ်ပုံရိုက်ဖို့ နေရာတွေ၊ ရေကူးကန်၊ အရက်ဘား စတာတွေလည်း ပါမှာမို့ တစ်နေရာတည်းမှာ တစ်စုတစ်စည်းတည်း ရရှိနိုင်လို့ မိသားစုလိုက် လည်ပတ်ရင်း ဝယ်ယူဖို့ ကောင်းမယ့်နေရာတစ်ခုပါ။ 
မင်္ဂလာမန္တလေးမှာ ဖွင့်ထားတဲ့ လမ်းလျှောက်ညဈေးပါ။ စတင် ဖွင့်လှစ်ခဲ့စဉ်က လူ စိတ်ဝင်စားမှု ရှိခဲ့ပေမယ့် အခုချိန်မှာတော့ သာမန်ပဲ ရောင်းနေရပါတော့တယ်။ ဆိုင်ခန်းအတွက် ကုန်ကျစရိတ်နဲ့ ရောင်းချရမှုက မကာမိဘူးလို့ ညည်းတွားသူလည်း ရှိနေပါတယ်။
ရတနာပုံဈေးမှာ နောက်တစ်ခု ထူးခြားတာက စာအုပ်ဈေးလည်း ပါဝင်တာ ဖြစ်ပါတယ်။ ဈေးချိုတော် ညဈေးတန်းက စာအုပ်အဟောင်းတန်းနဲ့ ရတနာပုံ ညဈေးက စာအုပ်အသစ်တန်း နှစ်ခုစလုံးမှာ နှစ်သက်သလို ရှာဖွေဝယ်ယူနိုင်ကြဦးမှာပါ။ 
ဒါကတော့ အသစ်ဖွင့်လှစ်လိုက်တဲ့ မန္တလေး တောင်ခြေက ရတနာပုံ ညဈေးတန်းမြင်ကွင်းပါ။ စမ်းသပ်ဖွင့်လှစ်ခဲ့စဉ်မှာတော့ BKK Night Market ကို ထည့်သွင်းခဲ့တာကြောင့် လူစိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် ဝေဖန်တာကိုလည်း ခံခဲ့ရပါသေးတယ်။
ဒါကတော့ အသစ်ဖွင့်လှစ်လိုက်တဲ့ မန္တလေး တောင်ခြေက ရတနာပုံ ညဈေးတန်းမြင်ကွင်းပါ။ စမ်းသပ်ဖွင့်လှစ်ခဲ့စဉ်မှာတော့ BKK Night Market ကို ထည့်သွင်းခဲ့တာကြောင့် လူစိတ်ဝင်စားမှု မြင့်တက်ခဲ့ပါတယ်။ ဒါပေမဲ့ ဈေးနှုန်းကြီးမြင့်မှုတွေကြောင့် ဝေဖန်တာကိုလည်း ခံခဲ့ရပါသေးတယ်။
ရတနာပုံညဈေးမှာ အားသာချက်က အမှတ်တရ ဓာတ်ပုံ ရိုက်ကူးဖို့ နေရာတွေ ထည့်သွင်းထားခြင်းပါ။ လာရောက် လည်ပတ် စားသောက်ရင်း ဓာတ်ပုံလှလှလေးတွေ ရိုက်ကူးလို့ လူမှုကွန်ရက်ပေါ်မှာ အပြိုင်အဆိုင် တင်နိုင်ကြပြီပေါ့။


  • TAGS