News

POST TYPE

PHOTO ESSAYS

တောင်ပေါ် တောမြို့ငယ်လေး ဟိုပုံး
04-Jun-2017 tagged as

တောင်ပေါ် တောမြို့ငယ်လေး ဟိုပုံး

ဓာတ်ပုံ- နေဇာကျော်

ဟိုပုံးမြို့လေးသည် တောင်ပေါ်ဒေသမြို့ငယ်လေးဖြစ်၍ သာယာလှပသည့် တောင်ယာခင်းများကို ကြည့်ရှုခံစားရင်း နုနုအေးအေး သန့်စင်သည့်လေကိုလည်း ရှူရှိုက်နိုင်သည်။ သဘာဝပတ်ဝန်းကျင်အရ မွန်းကျပ်လွန်းသည့် ရန်ကုန်မြို့နှင့်နှိုင်းယှဉ်လျှင် အသက်ရှည်မည့် မြို့လေးဖြစ်သည်။ သို့သော် ခရီးသွားများ လာရောက်မှု နည်းသဖြင့် သုံးရာသီ တည်းခိုးခန်းတစ်ခုသာ ရှိသည်။

ပအိုဝ်းတိုင်းရင်းသား အများစုသည် ထေရဝါဒ ဗုဒ္ဓဘာသာကို ယုံကြည်ကိုးကွယ်ကြသည်။ တောင်ကြီးမြို့မှ ဟိုပုံးမြို့သို့အလာ ဟိုပုံးမြို့အဝင်တွင် သီရိမင်္ဂလာ ရွှေချမ်းသာ မွေတော်ဘုရားကြီးကို ဖူးမြော်နိုင်မည် ဖြစ်သည်။ ဘုရားဖူးပြီး ဆိုင်ကယ်ဖြင့် ၃ မိနစ်ခန့်သွားလျှင် ဟိုပုံးဈေးကို ရောက်နိုင်မည်။

ဟိုပုံးမြို့တွင် နောင်တောင်း ပရဟိတတပ်ဦးကျောင်းသည် ပအိုဝ်းတိုင်းရင်းသားများ အပါအဝင် အခြားတိုင်းရင်းသားများ၏ နား၊ မျက်စိဟု  တင်စားခေါ်နိုင်မည်ဖြစ်သည်။ အဆိုပါ ဘုန်းတော်ကြီးကျောင်းတွင် တိုင်းရင်းသား လူငယ်များစွာကို ပညာသင်ပေးသည်။ ထို့ပြင် ဗုဒ္ဓသာသနာ ထွန်းကားပြန့်ပွားရေး မျိုးဆက်သစ် ရဟန်း၊ သံဃာတော်များကို မွေးထုတ်ပေးသည့် ဗုဒ္ဓကောလိပ်ကိုလည်း ဖွင့်လှစ်ထားသည်။ နောင်တောင် ဘုန်းတော်ကြီးကျောင်းအနီး တောင်ထိပ်တွင် လာဘမုနိစေတီနှင့် ဓမ္မာရုံ တည်ထားသည်။ ယင်းတောင်ကုန်းထိပ်တွင် အေးအေးဆေးဆေး ဘုရားဝတ်ပြုနိုင်မည့်အပြင် ဟိုပုံးမြို့နှင့် ဘေးပတ်လည် တောင်များ၊ ယာခင်းများကို အပေါ်စီးမှ ကြည့်ရှုနိုင်မည်ဖြစ်သည်။

ပအိုဝ်းတိုင်းရင်းသားသည် ရှင်ပြ၊ နားသ အလှူမင်္ဂလာပွဲများကိုလည်း စည်ကားသိုက်မြိုက်စွာ ကျင်းပကြသည်။ အလှူတော်မင်္ဂလာ မောင်ရင်လောင်းလှည့်ရာတွင် မောင်ရင်လောင်းဘေးမှ မှန်တစ်ချပ်စီ ကိုင်လျက်လိုက်ပါသည့် လူငယ်များကိုလည်း တွေ့ရသည်။ ထိုသို့ လိုက်ပါခြင်းမှာ ရှင်လောင်းကို မှန်ထိုး၍ အရောင်လင်းစေရန်ဟု ပအိုဝ်းတိုင်းရင်းသားများက ဆိုသည်။

ပအိုဝ်းတိုင်းရင်းသား အများစုသည် တောင်ယာလုပ်ငန်းကို အဓိကထား လုပ်ကိုင်ကြသည်။ သနပ်ဖက်၊ ပြောင်းဖူးနှင့် ကြက်သွန်တို့ကို အဓိက စိုက်ပျိုးကြသည်။ တောင်ယာသခွား၊ ပဲတောင့်ရှည်၊ တောင်ရိုးငှက်ပျော စသည့် သီးနှံများကိုလည်း စိုက်ပျိုးကြသည်။ တောင်ယာလုပ်ငန်းနှင့် တွဲဖက်၍ ကုန်သည်များအဖြစ်လည်း လုပ်ကိုင်ကြသည်။ တောရွာနေ ပအိုဝ်းတောင်သူအချို့သည် မိမိတို့ခြံထွက်သီးနှံများကို ဟိုပုံးမြို့ပေါ်ဈေးသို့ ကိုယ်တိုင်လာရောက် ရောင်းချသည်လည်းရှိသည်။ ဟိုပုံးမြို့ပေါ်တွင် ဟိုပုံးဈေးရှိသည်။ ဟိုပုံးဈေးသည် ငါးရက် တစ်ကြိမ်ဈေးဖြစ်ပြီး ဈေးနေ့များတွင် တောရွာများမှ လာရောက်ဈေးဝယ်၊ ဈေးရောင်းသူများဖြင့် စည်ကားလှသည်။ ကျန်နေ့များတွင်မူ ဟိုပုံးဈေး၌ ဟိုပုံးမြို့နေထိုင်သူများသာ အဓိက ဈေးဝယ်သူရှိပြီး ဈေးနေ့လောက် အရောင်းအဝယ် မများပေ။

  • TAGS