POST TYPE

PHOTO ESSAYS

ကဒူး ဟု ခေါ်သည်
30-Apr-2017 tagged as

ကဒူး ဟု ခေါ်သည်

ဓာတ်ပုံ - မြတ်(ကလေး)
ကဒူးလူမျိုး ဟူသည်ကို ကြားဖူးကြမည် ဖြစ်သော်လည်း မည်သည့်နေရာတွင် နေထိုင်ကြသည်ကို သိရှိကြသူ နည်းပါးသည်။ ကဒူးလူမျိုးတို့သည် စစ်ကိုင်းတိုင်းဒေသကြီး ကသာခရိုင်အတွင်း ပျံ့နှံ့နေထိုင်ကြသည်။
ကဒူးတိုင်းရင်းသားမျိုးနွယ်စုသည် ပင်လည်ဘူးမြို့နယ် မိုင်းသုန်နှင့် ခန်းပတ်တောင်တန်း အရှေ့ဘက်၊ မူးမြစ်အရှေ့ဘက်ကမ်းတစ်လျှောက်တွင် စတင်နေထိုင်ခဲ့ကြကာ အင်းဝခေတ်တွင် လူဦးရေ တိုးပွားလာပြီး ပင်လည်ဘူးမြို့နယ်၊ အင်းတော်မြို့နယ်၊ ဗန်းမောက်မြို့နယ်နှင့် ကသာမြို့နယ်တို့တွင် ပျံ့နှံ့နေထိုင်ကြသည်။ တစ်နိုင်ငံလုံးတွင် လူဦးရေ နှစ်သိန်းခန့်ရှိမည်ဟု ခန့်မှန်းထားပြီး မှတ်ပုံတင်တွင် ကဒူးအမည်ပေါက်သည်မှာ သုံးသောင်းခန့်သာရှိသည်ဟု ဒေသခံတို့က ဆိုကြသည်။
ကဒူးလူမျိုးတို့သည် ရှေးမြန်မာမင်းများ လက်ထက်တွင် အမှုတော် ထမ်းရွက်ခဲ့ကြသူများဖြစ်ပြီး သီပေါမင်း ပါတော်မူချိန်အထိ ကဒူးတပ်ရင်း သီးသန့် ရှိခဲ့သည်ဟု သမိုင်းများတွင် ဆိုထားသည်။
ကဒူးလူမျိုး တိုင်းရင်းသားတို့၏ ပထမအကြိမ် ရိုးရာပွဲတော် အခမ်းအနားကို ၂၀၁၇ ခုနှစ် မတ်လ ၂၅ ရက်နေ့က ပင်လည်ဘူးမြို့နယ် မြောက်မော်ကျေးရွာတွင် တိုင်းဒေသကြီးအစိုးရ၏ ထောက်ပံ့မှုဖြင့် စည်ကားသိုက်မြိုက်စွာ ပြုလုပ်ခဲ့သည်။
အင်္ဂလိပ်လက်ထက်မှစတင်၍ နိုင်ငံရေး စိတ်ဝင်စားမှု အားနည်းခဲ့ပြီး ၁၉၉၀ ရွေးကောက်ပွဲတွင် ပါဝင်ခဲ့သော်လည်း ၂၀၁၀ ရွေးကောက်ပွဲတွင် မပါဝင်နိုင်ခဲ့ပေ။ လက်ရှိတွင် ကဒူးတိုင်းရင်းသားရေးရာဝန်ကြီး ရရှိနိုင်ရန် ကြိုးပမ်းနေကြသည်။
ကိုယ့်ကိုယ်ကိုယ် “ကဒူး” “ကဒူး”ဟု ခေါ်ဝေါ်တတ်ကြပြီး ခင်မင်ဖော်ရွေတတ်ကာ ရိုးသားသည့် စိတ်ဓာတ်ရှိသူ၊ လယ်ယာ အလုပ်ဖြင့် အသက်မွေးသည့် ပြည်ထောင်စုဖွား တိုင်းရင်းသားများဖြစ်ပြီး အမျိုးချစ်တာ “ကဒူး”ဟု ဂုဏ်ယူကြသူများဖြစ်သည်။
ကဒူးလူဦးရေ နည်းပါးလာမှု၊ ကဒူးစာပေ မတွင်ကျယ်မှုတို့ကြောင့် ရိုးရာဓလေ့စရိုက်များ တိမ်ကော ပပျောက်သွားနိုင်သည်ကို ကဒူးခေါင်းဆောင်တို့က စိုးရိမ်လျက်ရှိပြီး မျိုးဆက်သစ်များကို ကဒူးစာပေ သင်ကြားမှုတို့ကို စမ်းသပ်ပြုလုပ်နေကြရသည်။



  • TAGS