News

POST TYPE

PHOTO ESSAYS

ပတ္တမြားမြေမှ အညတရများ (Daily, Vol-7/No-140)
22-Sep-2019
ပတ္တမြားမြေဟု နာမည်ကျော်သည့် မိုးကုတ်မြို့က ဒေသခံကျောက်မျက်တူးဖော်ရေးသမားများ ကျောက်မျက်ရတနာတူးဖော်ခွင့်ကို နှစ်ပေါင်းများစွာ ပိတ်ပင်ခံခဲ့ကြရသည်။ လက်ရှိအချိန်မှာတော့ နိုင်ငံတော်က လုပ်ကိုင်ခွင့်မပြု (သက်တမ်းတိုးမပေး) ၍ ရပ်နားထားလိုက်ရသည့် ကုမ္ပဏီကြီးများ၏ တူးဖော်ထားပြီးသား ရတနာနယ်မြေများမှာ ကျောက်မျက်တူးဖော်ခွင့်ရနေကြသည်။ လက်လုပ်လက်စားနှင့် အသေးစား ကျောက်မျက်တူးဖော်ကြမည့် ဒေသခံများကိုချထားပေးရန် လျာထားခဲ့ရသည့် ကျောက်မျက်ဇုန်သုံးခုကလည်း ကျောက်ရှားပါးလွန်းသည့်အတွက် လက်လုပ်လက်စားလုပ်ငန်းရှင်တွေက ကန့်ကွက်နေကြသည်။ မန္တလေးတိုင်း မိုးကုတ်မြို့နယ်အတွင်းရှိ တူးဖော်ပြီးတွင်းဟောင်းများတွင် တစ်နိုင်တစ်ပိုင် ကျောက်မျက်ရှာဖွေနေသည့်လုပ်ငန်းခွင်မှ မြင်ကွင်းအချို့ကိုဖော်ပြလိုက်ပါသည်။

ဓာတ်ပုံ - ရန်မိုးနိုင်

တောင်တစ်ခြမ်းလုံးကိုဖဲ့ချပြီး၊ မြေအောက်ပေပေါင်းများစွာအထိ တူးဖော်ထားပြီးဖြစ်၍ ကျောက်ထွက်လွန်းသည့် သက်တမ်းကုန်လုပ်ကွက်ကြီးတစ်ခုရဲ့ နယ်နိမိတ်အတွင်းမှာ ကျောက်မျက်တူးဖော်နေသူ ရာနှင့်ချီရှိနေသည်ကို တွေ့ရသည်။ တွင်းပေါင်း ငါးရာနီးပါးရှိနိုင်တယ်လို့ တူးဖော်နေသူတွေက ဆိုသည်။

လက်လုပ်လက်စား ဒေသခံကျောက်တူးသူများအတွက် လက်ရှိအစိုးရက ပြဋ္ဌာန်းလိုက်သည့် ကျောက်မျက်ဥပဒေ၊ ပြဋ္ဌာန်းရန်လုပ်နေသည့် ကျောက်မျက်နည်းဥပဒေနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့က ပြဋ္ဌာန်းလာမည့်ဥပဒေ နည်းဥပဒေများကြောင့် ယခုရရှိနေသည့် တူးဖော်ရှာဖွေခွင့်ကို ဆုံးရှုံးသွားမည်ကို စိုးရိမ်နေကြသည်။

ဒေသခံလက်လုပ်လက်စား ကျောက်သမားများသည် ကုမ္ပဏီကြီးများ လုပ်ကိုင်ခွင့်ရှိနေစဉ် အချိန်က ကုမ္ပဏီ၏ လခစားဝန်ထမ်းများအဖြစ် တူးဖော်ကြရသူများရှိသလို၊ အများစုကတော့ ကုမ္ပဏီများ၏ စွန့်ပစ်ကျောက်ခဲများအကြားမှ ရှာဖွေကြရသည်။

မိသားစု၊ သူငယ်ချင်းနီးစပ်ရာ လေးငါးယောက်ပေါင်း ရင်းနှီးကြပြီး တူးဖော်ကြရသည့်အတွက် တွင်းတစ်တွင်းလျှင် လူလေးငါးခြောက်ယောက် ဝိုင်းဝန်းလုပ်ဆောင်ကြသည်။

အချို့ကလည်း မြေအောက်အထိတူးဝင်ပြီး မရှာကြဘဲ မြေစာများအတွင်းက ကျောက်များအတွင်းမှာပင် ရှာဖွေကြသည်။

ကုမ္ပဏီကြီးများ မြေအောက်ကတူးဖော်ပြီး ကျောက်များကို အစိတ်စိတ် ခွဲခြမ်းကာ ခဲစာများကိုပုံထားသည်မှာ တောင်တစ်ခြမ်းလုံးကို ဖုံးလွှမ်းထားသည်။ ယင်းအောက်မှ မြေတွင်းပိကျပြီး ပြိုကျထားသည်များကိုလည်း တွေ့ရသည်။

မြေအောက်အထိ တူးဖော်ရှာဖွေရန် ငွေကြေး၊ လူအင်အား မတတ်နိုင်ကြသည့် ဒေသခံများကတော့ စွန့်ပစ်ထားသည့် ကျောက်ခဲများအတွင်းမှာ ရှာကြရသည်။ ကျောက်များကို ရေဆေးချပြီး ရှာဖွေကြရခြင်းဖြစ်သည်။ တစ်နေရာပြီး တစ်နေရာ ထပ်ကာထပ်ကာ ရှာကြရာမှ နေထိုင်စားသောက်စရိတ်ရခြင်းဖြစ်သည်။

အချို့ကတော့ ကျောက်ထွက်ရာနေရာများကို ဖြတ်သန်းစီးဆင်းလာသည့် ချောင်းများ၊ မြောင်းများမှ ကျောက်ခဲများအတွင်းမှာ ရှာဖွေကြသည်။ ကံကောင်းလွန်းလျှင်လည်း အရည်အသွေးကောင်းသည့် ကျောက်များကို ယင်းချောင်းများ၊ မြောင်းများအတွင်းမှပင် ရရှိတတ်ကြသည်။

နည်းလမ်းအမျိုးမျိုးဖြင့် ရှာဖွေတွေ့ရှိကြသည့် ကျောက်မျက် အရည်အသွေးအမျိုးမျိုးများကို ရောင်းဝယ်ရေးသမားများထံမှ တစ်ဆင့် ထာပွဲလို့ခေါ်သည့် ကျောက်မျက်အရောင်းအဝယ်တန်းသို့ ရောက်ရှိရောင်းဝယ်ကြသည်။

ဒေသခံများအတွက် ကုမ္ပဏီများက စက်ယန္တရားများစွာဖြင့် တူးဖော်၊ ကြိတ်ခွဲ ရှာဖွေပြီးသားများအတွင်းမှ ရှာဖွေကြရသည့်အတွက် အလွန်ပင် ခက်ခဲလှပြီး အခွင့်အရေးမရှိသလောက်ဖြစ်သည်။

လက်ရှိအနေအထားအတိုင်း ဒေသခံများ တူးဖော်ရှာဖွေလို့ ရနေသည့် အခြေအနေသည် တွင်းထွက်သယံဇာတကို အမှီပြုနေရသည့် မိုးကုတ်မြို့ဒေသခံများအတွက် စီးပွားလုပ်ကိုင်ကောင်းသည့် အချိန်အခါဖြစ်သည်ဟုဆိုသည်။