News

POST TYPE

PHOTO ESSAYS

စစ်ရှောင်စခန်းမှ အမျိုးသမီးများ (Daily, Vol-7/No-134)
15-Sep-2019
ဓာတ်ပုံ - ကျော်စိုးမိုး
ကချင်ပြည်နယ်ရှိ IDP စစ်ရှောင်စခန်းများတွင်နှစ်ချီ၍ ခိုလှုံနေထိုင်သူများအတွက် ထောက်ပံ့ငွေမှာ လူတစ်ဦးလျှင် တစ်လအတွက် ကျပ်တစ်သောင်းကျော်ခန့်သာ ရရှိတော့သည်ဖြစ်ရာ မိသားစုဝမ်းစာအတွက် တတ်စွမ်းသမျှ ကြိုးစားရှာဖွေနေရသော အမျိုးသမီးများအကြောင်းကို ဖော်ပြအပ်ပါသည်။ ကချင်ပြည်နယ်တွင် လွန်ခဲ့တဲ့ရှစ်နှစ်ကျော်ကဖြစ်ပွားခဲ့သော စစ်ပွဲများကြောင့် IDP စစ်ရှောင်စခန်း ၁၆၃ ခုရှိပြီး စခန်းများတွင် ခိုလှုံနေထိုင်သူအရေအတွက်မှာ တစ်သိန်းနီးပါးခန့်ရှိသည်ဟု UN-OCHA ကုလသမဂ္ဂ လူသားချင်းစာနာမှု အကူအညီပေးရေးဆိုင်ရာ ညှိနှိုင်းရေးရုံးက ထုတ်ပြန်ထားသည်။


စစ်ပွဲဒဏ်ခံရသူအများစုမှာ အမျိုးသမီးများနှင့် ကလေးငယ်များဖြစ်ပြီး မိသားစုအတွင်း၌ ကလေးငယ်များကို အနီးကပ်ပြုစုစောင့်ရှောက်ရသည်မှာလည်း မိခင်များပင်ဖြစ်သည်။


ဂျန်မိုင်ကောင်းစခန်းတွင် မသန်စွမ်း အမျိုးသမီးခြောက်ဦး စုပေါင်းထုတ်လုပ်ကြသည့် အဝတ်လျှော်နှင့် ပန်းကန်ဆေးဆပ်ပြာကို စခန်းတွင်းသာမက ပြင်ပသို့ပါ သွားရောက်ရောင်းချကြသည်။ ဆပ်ပြာရည် တစ်လီတာလျှင် ၁၀၀၀ ကျပ်ခန့်ရရှိသော်လည်း ရန်ကုန်သို့ ကုန်ကြမ်းမှာယူရသည်မှာ အခက်အခဲများ ရှိနေသည်။


ဂျန်မိုင်ကောင်း စစ်ရှောင်စခန်း ဆယ်ပေပတ်လည် အခန်းကျဉ်းထဲတွင် Recycle ပလတ်စတစ်ကြိုးများဖြင့် ရက်လုပ်သော ခြင်းတောင်းတစ်စုံလျှင် ကျပ်လေးထောင်မှ ငါးထောင်ခန့်အထိ ရနိုင်သည်။ စစ်ရှောင်စခန်းများတွင် ခိုလှုံနေထိုင်သော အမျိုးသမီးအများစုမှာ မူလက ရွှေ့ပြောင်းတောင်ယာလုပ်ကိုင်သူများဖြစ်ပြီး ယင်းတို့၏ အသက်ရှင်ရပ်တည်ရေးအတွက်ကြောင့်သာ ဝင်ငွေအနည်းငယ်ရနိုင်မည့် လုပ်ငန်းများကို လုပ်ကိုင်နေရခြင်းဖြစ်သည်။


ကချင်ရိုးရာခါးစည်း (Shingkyit) ကို ရက်လုပ်ရသည်မှာ အလွန်လက်ဝင်လှသဖြင့် တစ်ထည်ပြီးစီးရန် ဆယ်ရက်ခန့်ကြာသည်ဟု မြစ်ကြီးနားမြို့နယ်တွင်းရှိ ပလန (KBC) စခန်းမှ အသက် (၆၇ နှစ်)အရွယ် ဒေါ်ဂျာမိုင်ကဆိုသည်။


စစ်ရှောင်စခန်းမှ အမျိုးသမီးများအနေနှင့် နေ့စဉ် တစ်ဖက်တစ်လမ်းက ဝင်ငွေရရန် ချည်ထည်ရက်လုပ်သည့်လုပ်ငန်းကို လုပ်ကိုင်ကြသည်။


ကလေးချီပိုးရာတွင် သုံးသည့် တဘက်တစ်ထည်ကို လက်ဖြင့်ရက်လုပ်ရန် တစ်ရက် အချိန်ပေးရပြီး တစ်ထည်လျှင် ၄၀၀၀ ကျပ်ဝန်းကျင်သာ ရသည်။


လက်ရှိအနေအထားအရ ရက်ကန်းအလုပ်ဖြင့် အသက်မွေးနိုင်သည်ဟူသော မျှော်လင့်ချက်ဖြင့် စခန်းအတွင်းရှိ မိန်းကလေးငယ်များပင် ကစားနည်းများတွင် ရိုးရာဂျပ်ခုတ် ရက်လုပ်နည်းဖြင့် အထည်ရက်တမ်းကစားရင်း လေ့ကျင့်ယူကြသည်။